ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်၏ တစ်ဝက်ကျော်အရေအတွက်ထိဖြစ်ပွားခဲ့သည့် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေတွင် ယခုနှစ်အပိုင်း ဇန်နဝါရီနှင့်ဖေဖော်ဝါရီလအတွင်းတို့၌ တိုက်ပွဲပေါင်း ၃၈၇ ကြိမ်ဖြစ်ပွားခဲ့သည်။
ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်း၌ပြီးခဲ့သော ဇန်နဝါရီလတွင် တိုက်ပွဲ ၂၀၉ ကြိမ်နှင့် ဖေဖော်ဝါ ရီလအတွင်း၌တိုက်ပွဲ ၁၇၈ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ၅မူတြော်သတင်းစဥ်ကဖော်ပြထားသည် ။
အဆိုပါနှစ်လတာအတွင်းတိုက်ပွဲများ၌ စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၁၆ ဦးသေဆုံး၍ ၁၀၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သောဖေဖော်ဝါရီလတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၉ ဦးသေဆုံးခဲ့ရာတွင် ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့်ဒု–တပ်ကြပ်တစ်ဦးပါဝင်ခဲ့သည်။
တိုက်ပွဲများတောက်လျောက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာနေသော ကြောင့် ကေအဲန်ယူတပ်မဟာ ၅ အတွင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခဲ့သည်။
ပြီးခဲ့သောနှစ်လအတွင်း၌ လေကြောင်းတိုက်ခိုက်မှု ၃၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးဆံ ၁၉၈ လုံးကြဲချတိုက်ခိုက်ခဲ့ရာအပြစ်မဲ့ပြည်သူ ၁၇ ဦးသေဆုံး ၍ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့်တစ်နှစ်တာလုံးတွင် ကေအဲန်ယူတပ်မဟာ၅ နယ်မြေအတွင်းကို လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးဆံ ၁၈၂ လုံး ကြဲချခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၁ ဦးသေဆုံး၍ ၉၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်း၌ ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀၇ ဦးသေဆုံး၍ ၉၇၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ပုံစာ–ပြီးခဲ့သောဇန်နဝါရီလတွင် ကေအဲန်ယူတပ်မဟာ၅ နယ်မြေ၌ တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်မှုကြောင့် ပြည်သူများသေဆုံးမှုနှင့်ပျက်စီးမှုများ။