တော်လှန်ပြည်သူများအား ခိုလှုံခွင့်ပေးရန် ပြင်သစ်အစိုးရထံ NUG လူ့အခွင့်ရေးဝန်ကြီးတောင်းဆို
**************************
ဖေဖော်ဝါရီ ၂ ၊ ၂၀၂၃ ။
ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တော်လှန်ပြည်သူများအား နိုင်ငံရေးအရခိုလှုံ့ခွင့်ပေးရန်အပါအဝင် အဓိကအချက်၄ချက်ကိုတောင်းဆိုခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁ရက်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သည့် ” Paris city event marking the second anniversary of the attempted coup ” အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းမှ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခွင့် ရရှိခဲ့သည်။
အမှာစကားတွင် အကြမ်းဖက် စစ်အုပ်စုက ကျုးလွန်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သားပြည်သူ ၃၀၀၀ နီးပါး မတရားစွာသေဆုံးခဲ့ရပြီး NUG အနေဖြင့် ပြင်သစ်နိုင်ငံ၏ အားထောက်ခံမှုများ နောင်တွင်များစွာလိုအပ်ကြောင်း ပြောကြားကာ အချက် ၄ ချက်ပါတောင်းဆိုချက်ကို ပြည်ထောင်စုဝန်ကြီးက ပြင်သစ်အစိုးရထံတောင်းဆိုခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင် အစိုးရအဖြစ် သတ်မှတ် ဆက်သွယ်ဆောင်ရွက်ရန်၊ အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်း၏ လက်ပါးစေ ခရိုနီများအား စီးပွါးရေးအရေးယူ ပိတ်ဆို့မှုများဆောင်ရွက်ရန် ၊လိုအပ်လျက်ရှိသော ဆေးဝါးနှင့် ရိက္ခာများ လူသားချင်းစာနာမှု အကူညီများကို နယ်စပ်ဖြတ်ကျော် ပံ့ပိုးပေးရန် ၊ အာဏာရှင်ဆန့်ကျင်ရေးတွင် တော်လှန်ခဲ့ကြသော တော်လှန်ပြည်သူများအား ပြင်သစ် နိုင်ငံအစိုးရမှ နိုင်ငံရေးအရ ခိုလှုံခွင့်ပေးရန် စသည့်အချက် ၄ချက်ကို အဓိကထားတောင်းဆိုခဲ့သည်။
ထို့နောက် NUG ပြည်ထောင်စုဝန်ကြီးသည် ပြင်သစ်အောက်လွှတ်တော်နှင့် ဆွေးနွေးပွဲထပ်မံပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုလည်း ပြင်သစ်လွှတ်တော်၊ ပြင်သစ်အစိုးရနှင့် နိုင်ငံတကာမှ ကန့်ကွက်ပေးပါရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြင်သစ်အောက်လွှတ်တော်တို့ တရားဝင်တွေ့ဆုံချိတ်ဆက်လုပ်ဆောင်ရန် လမ်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲတွင် ပြင်သစ်မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဥက္ကဌအောက်လွှတ်တော်အမတ် Mr Alain David နှင့်အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့ နှင့် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်၊ ကိုယ်စားလှယ်ရုံးအဖွဲ့၀င် Maé Robbine တို့ တတ်ရောက်ခဲ့ကြသည်ဟုသိရသည်။