ကရင်နီပြည် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀၀ ခန့်သေဆုံး
*********************************
ဖေဖော်ဝါရီ ၂၊၂၀၂၃။
ကရင်နီပြည်က တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၈၁ ဦးသေဆုံးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ( ၃၁ )ရက်နေ့အထိ ကရင်နီပြည်အတွင်းက တိုက်ပွဲပေါင်း ၅၆၂ ကြိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီဘက်က လေကြောင်းထိုးစစ်ဆင်မှု အကြိမ်ပေါင်း ၁၉၀ ရှိခဲ့ပြီး တိုက်ပွဲများတွင် ကရင်နီဒေသ တော်လှန်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၂၁၉ ) ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
PKPF အဖွဲ့တာဝန်ရှိသူတစ်ဦးက “ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ တိုက်ခိုက်တယ်ဆိုတာက သူတို့တပ်ဖွဲ့၀င်တွေကျဆုံးမှုများလို့ လေကြောင်းကိုလိုတာထက်ပိုသုံးလာတာပါ ” ဟုပြောသည်။
အာဏာသိမ်း ၂ နှစ်တာ ကာလအတွင်း ဒေသခံနေအိမ် (၁၃၁၇) လုံးပျက်စီးဆုံးရှုံးကာ အရပ်သားပြည်သူ ၃၀၂ ဦးအပါအဝင် စစ်ဘေးရှောင် ၁၂၈ ဦး သေဆုံးခဲ့ သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်နက်ကြီးထိမှန်မှု၊ စစ်ကြောရေးတွင် သေဆုံးမှုနှင့် ဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးသူများလည်း ပါဝင်သည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကုသရေးဆရာမတစ်ဦးက ပြောသည်။
“ မိုင်နင်းမိပြီးသေဆုံးသူ၊ တိုက်ပွဲကြားထဲမှာ ထိန့်လန့်ပြီးသေဆုံးသူတွေနဲ့ စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးသူတွေလည်း ပါပါတယ် ” ဟု ၎င်းက ပြောသည်။
ကရင်နီပြည်ရဲ့ ၆၀ ရာခိုင်နှုန်းအထက်ကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကထိန်းချုပ်ထားနိုင်သည်ဟု KNDF ဥက္ကဌ ခွန်းဘီထူးက ၂၀၂၂ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဧရာဝတီသတင်းဌာနကို ပြောဆိုထားသည်။
ပုံစာ – ကရင်နီပြည်အတွင်း ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများ မြင်ကွင်း။