![]()
သံလွင်ခက်/ဧပြီ ၁။ Photo crd -สำนักข่าวไทย
မြန်မာနိုင်ငံဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ အရှိန်အဟုန်မြင့် တိုးမြှင့်လာခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းကျေးရွာသားများ ဘေးလွတ်ရာသို့ စတင်တိမ်းရှောင်နေကြရကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်းရှိ မင်းလက်ပံ၊ ဖလူးကြီးနှင့် ဖလူးလေး ကျေးရွာများရှိ KNU စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာများသည် ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ မဲ့ကိုကင်း(ရွာဟောင်း) ၊ မဟာဝမ်နှင့် မဲ့ကိုကင်းသစ် ကျေးရွာများနှင့် တိုက်ရိုက်မျက်နှာချင်းဆိုင်တွင် တည်ရှိနေခြင်းဖြစ်သည်။
” မနက် ၅ နာရီလောက်ကတည်းက လေယာဥ်နဲ့ကျဲလိုက်၊ လက်နက်ကြီးထုလိုက်နဲ့ အသံက တော်တော်ကျယ်တယ် ” ဟု ဖုတ်ဖရတွင် အလုပ်လုပ်ကိုင်နေသူ ဒေသခံတစ်ဦးက သံလွင်ခက်သို့ ပြောကြားသည်။

မတ်လ ၃၁ ရက်နေ့က တိုက်ပွဲများအတွင်း လက်နက်ကြီးကျည်များသည် ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်မှ မီတာ ၂၀၀ အကွာအထိ ကျရောက်ခဲ့ပြီး ထိုင်းဘက်တွင် ခိုလှုံနေသည့် ကရင်ဒုက္ခသည် ၄ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးများအပြင် အသေခံဒရုန်း (Suicide Drones) များကိုပါ အသုံးပြု၍ တိုက်ခိုက်နေပြီး၊ တော်လှန်ရေးအင်အားစုများဘက်ကလည်း စက်သေနတ်ကြီးများဖြင့် ပြန်လည်ခုခံလျက်ရှိသည်။

လက်ရှိတွင် မဲ့ကိုကင်းရွာသားအများစုမှာ နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်သွားကြပြီဖြစ်ပြီး ရွာအတွင်း၌ နေအိမ်နှင့် တိရစ္ဆာန်များကို စောင့်ရှောက်ရန် အမျိုးသားအချို့နှင့် ကျေးရွာလုံခြုံရေးအဖွဲ့များသာ ကျန်ရှိတော့ကြောင်း ထိုင်းသတင်းဌာန (Thai News Agency) က ဖော်ပြသည်။
နယ်စပ်တစ်လျှောက် လက်နက်ကြီးကျည် ကျရောက်မှုနှင့် ပတ်သက်၍ ထိုင်းစစ်တပ်က မြန်မာဘက်သို့ ကန့်ကွက်လွှာ ပေးပိုထားသည်။ ထိုင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မထိခိုက်စေရန် တိုက်ပွဲများကို နယ်စပ်နှင့် ဝေးရာတွင်သာ ဖော်ဆောင်ရန် တောင်းဆိုထားပြီး နယ်စပ်လုံခြုံရေးကိုလည်း တိုးမြှင့်ချထားသည်။

အခြားတစ်ဖက်တွင် စစ်ကော်မရှင်တပ်သည် မြဝတီဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကူအင်အားများ ဆက်လက်ဖြည့်တင်းနေပြီး ဧပြီ ၂ တွင် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားနှင့် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
#နယ်စပ်တိုက်ပွဲပြင်းထန်မှု #မဲ့ကိုကင်းရွာသား #ဘေးလွတ်ရာတိမ်းရှောင် #ThanLwinKhetNews
