![]()
သံလွင်ခက်/မတ် ၂၁။ ဓာတ်ပုံ – ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ တနင်္သာရီ စစ်ဒေသ အမှတ် (၈) တပ်ဖွဲ့ ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များ (ပုံဟောင်း)
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်-တနင်္သာရီ လမ်းပိုင်းတွင် သွားလာနေသည့် စစ်ကော်မရှင်ယာဉ်တန်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တစ်ရက်တည်းတွင် နှစ်ကြိမ်တိုင်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်၊ နံနက် ၁၁ နာရီခန့်တွင် မြိတ်မြို့နယ်မှ တနင်္သာရီဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကော်မရှင်ယာဉ် နှစ်စီးကို တော်လှန်ရေးအင်အားစုများက ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် တနင်္သာရီမှ မြိတ်ဘက်သို့ ပြန်လည်ဆင်းလာသည့် ယာဉ်ခုနစ်စီးပါဝင်သော စစ်ကော်မရှင်ယာဉ်တန်းကို ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ မော်တော်ယာဉ် နှစ်စီး ပျက်စီးသွားခဲ့သည်။
“ကျွန်တော်တို့ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေကတော့ ဆက်ပြီးရှိနေဦးမှာပါခင်ဗျ” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ အတိအကျ အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုစစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗိုလ်ခရင်းတပ်ဖွဲ့ နှင့် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ၂၀၂၂ ခုနှစ်မှစတင်ကာ မဟာမိတ်အဖွဲ့များနှင့်အတူ စစ်ကော်မရှင်ကို တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကန်တော်ရွာမှ ညောင်ဂျစ်ပင်ရွာသို့ ထွက်ခွာလာသော စစ်ကော်မရှင်စစ်ကြောင်းကို PLA နှင့် မဟာမိတ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
#မြိတ်တနင်္သာရီလမ်းပိုင်း #စစ်ကော်မရှင်ယာဉ်တန်း #နှစ်ကြိမ် #မိုင်းဆွဲတိုက်ခိုက်ခံရ #ThanLwinKhetNews
