ဘုရားသုံးဆူတွင်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိ
*******************************
ဇန်နဝါရီ ၂၄ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူတွင် ယမန်နေ့ညပိုင်းမှစ၍ ယနေ့နံနက်ပိုင်းအထိတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဘုရားသုံးဆူမြို့ရှိ ထွေအုပ်ရုံး၊ စရဖရုံး၊ စည်ပင်ရုံး၊ လဝကရုံးနှင့် မြေစာရင်းရုံးများကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက ယမန်နေ့ညပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်း၌ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion ကွန်မန်ဒိုဗျူဟာစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
” လက်နက်ကြီး၊ လက်နက်ငယ်တွေက မနေ့ည ကတည်းကနေ အခုမနက် ၁၁ နာရီခွဲအထိကြားနေရတယ်။ အခုနောက်ပိုင်းတော့ လက်နက်ကြီးသံ တစ်ချက်၊ တစ်ချက်ပဲ ကြားနေရတယ် ” ဟု စစ်ဘေးရှောင်များကို ကူညီနေသူ ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးမြို့အကြားစစ်ကူလာသော စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များနှင့် KTLA ၏ ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း နှင့်အတူ မဟာမိတ်ပူပေါင်းတပ်ဖွဲ့များအကြား အနီးကပ်ထိတွေ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ယနေ့တိုက်ပွဲဖြစ်စဥ်တွင် ကျုံဒိုး – ညောင်ရိပ်သာ ဒေသသို့ဝင်ရောက်လာသော စစ်ကောင်စီတပ်များ နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းများအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာ စက်လက် MA 2 တစ်လက်သိမ်းယူရရှိခဲ့သည်ဟု Lion ကွန်မန်ဒိုစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲများကြောင့် ဘုရားသုံးဆူမြို့ပေါ်ရှိ ဒေသခံများ ယမန်နေ့ညပိုင်းမှစ၍ ဘေးလွတ်ရာဆီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ လကုန်းပိုင်းနှင့် ယခုလအစပိုင်းတို့၌ ဘုရားသုံးဆူ တောင်စွန်းရွာရှိ စစ်ကောင်စီစခန်းများကို မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့သည့်တိုက်ပွဲနှင့် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်ခဲ့သည့်တိုက်ပွဲများအတွင်း၌ ဘုရားသုံးဆူဒေသရှိကျေးရွာ ၁၂ ရွာမှ ဒေသခံဦးရေ ၈၀၀ ကျော် ထွက်ပြေးနေကြရသည်ဟု သိရသည်။
အဆိုပါစစ်ဘေးရှောင်များသည် ပြီးခဲ့သော ဒီဇင်ဘာလ လကုန်ပိုင်းမှစ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အပြင် စစ်ကောင်စီက အဓိကလမ်းမကြီးများကိုပိတ်ဆို့ထားသောကြောင့် ဆေးဝါးနှင့်စားနပ်ရိက္ခာများ သယ်ဆောင်ရေးအတွက် အခက်အခဲဖြစ်နေသည်ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။