![]()
သံလွင်ခက်/မတ် ၂။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးရှိ ကုန်ကားများရပ်နားရာ ကုန်စည်ကူးသန်းရေးစုရပ်ကို ယမန်နေ့က အာဏာသိမ်းစစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ၂၅ ဦး သေဆုံးခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကို မတ်လ ၁ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပေါင် ၃၀၀ ဗုံးများကြဲချခြင်း၊ ရော့ကတ်များနှင့် စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
“ပထမတစ်ခေါက်က အထိအခိုက်သိပ်မရှိလိုက်ဘူး။ လေယာဉ်လာတော့ နီးစပ်ရာ သစ်ပင်အောက်ကို ပြေးကြတယ်။ အဲဒီ ပုန်းနေတဲ့ နေရာကို တည့်တည့်ကျတာ”ဟု ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၂ဦး၊ စုစုပေါင်း ၂၅ဦး သေဆုံးခဲ့သည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိသည့်အနက် ၁၀ဦး မှာ အသက်အန္တရာယ်စိုးရိမ်ရသည်အခြေအနေတွင် ရှိနေသည်ဟု သိရသည်။
သေဆုံးသူများထဲတွင် မင်းတုန်းဒေသခံ ကုန်သည်များအပြင် မကွေးမှ ရခိုင်ပြည်နယ်သို့ ကုန်စည်ကူးသန်းနေသည့် ရခိုင်ကုန်သည် ၂၀ ဦး ပါဝင်သည်။
ယမန်နေ့ဗုံးကြဲခံရမှုတွင် ရခိုင်မှလာသော ကြက်စာ၊ ဘဲစာ၊ ရေထွက်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်ကားများနှင့် ခရီးသည်တင်ကား စုစုပေါင်း ၂၀ဝန်းကျင် ထိခိုက်ပျက်စီးခဲ့သည်။
#မင်းတုန်း #ကုန်ကားရပ်နားရာ #ဗုံးကြဲခံရမှု #ရခိုင်ကုန်သည် #အရပ်သားများသေဆုံး #ThanLwinKhetNews