![]()
သံလွင်ခက်/ဖေဖော်ဝါရီ ၂၈။
မန္တလေးတိုင်း၊ ပုဂံညောင်ဦးဒေသတွင် ယမန်နေ့နံနက်ပိုင်းက စစ်ကောင်မရှင်တပ်သားများ စီးလာသော ပတ်ကင်းကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်သား လေးဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၇ နာရီခွဲဝန်းကျင်တွင် ပုဂံညောင်ဦးမြို့ရှိ စစ်ကောင်မရှင်လက်အောက်ခံ ခမရ ၄၁၅ မှ ထွက်ခွာလာသည့် စစ်ကောင်မရှင်တပ်သားများ လိုက်ပါလာသော ပတ်ကင်းကားကို တော်လှန်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါ ပတ်ကင်းကား ပုဂံညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းရှိ ဝါးခင်းကြီးချောင်းအနီး ရောက်ရှိလာချိန်တွင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထိုတိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်မရှင်တပ်သား လေးဦး နေရာ၌ပင် သေဆုံးခဲ့သည့်အပြင် MA-3 သေနတ် နှစ်လက်၊ ကာဘိုင်သေနတ် နှစ်လက်နှင့် ကျည်ဆန်အမြောက်အမြား သိမ်းဆည်းရမိကြောင်း ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ၊ Bagan Nyaung Oo Special Task Force နှင့် မကွေးတိုင်း ပကဖ အမှတ် (၄) အထူးလှုပ်ရှားစစ်ကြောင်းတို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ပုဂံညောင်ဦး #ကျောက်ပန်းတောင်း #စစ်တပ် #ပတ်ကင်းကား #ကြားဖြတ်တိုက်ခိုက်ခံရ #ThanLwinKhetNews