![]()
Justice For Myanmar (JFM) ၏ တိုင်ကြားမှုနှင့် ဖိအားပေးမှုများကြောင့် ဩစတြေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်း Kick အပါအဝင် နိုင်ငံတကာ နည်းပညာကုမ္ပဏီကြီးများဖြစ်သော Twitch, YouTube, Facebook နှင့် MediaFire တို့သည် မြန်မာစစ်အုပ်စု၏ ဝါဒဖြန့်ချိရေးချန်နယ်များနှင့် အကောင့်များကို ၎င်းတို့ ပလက်ဖောင်းများပေါ်မှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
ဩစတြေးလျအခြေစိုက် Kick ကုမ္ပဏီသည် စစ်အုပ်စု၏ MRTV နှင့် MITV အပါအဝင် ချန်နယ် ၇ ခုကို ၎င်းတို့ထံ ရောက်ရှိလာပြီး ၂၄ နာရီပင် မပြည့်မီ အရေးယူပိတ်သိမ်းခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည်။
ယင်းချန်နယ်များမှာ MRTV HD, MRTV News, MRTV Farmers, MRTV Sports, MRTV NRC, MRTV Entertainment နှင့် MITV တို့ ဖြစ်သည်။
Amazon ပိုင် Twitch သည်လည်း MRTV နှင့် MITV အပါအဝင် ရုပ်သံနှင့် ရေဒီယိုလိုင်း စုစုပေါင်း ၁၄ လိုင်းကို ပိတ်ပင်ခဲ့သည်။ အလားတူပင် YouTube တွင်လည်း စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာန ချန်နယ်နှင့် MITV အင်္ဂလိပ်ပိုင်း ဝါဒဖြန့်ချိရေး ချန်နယ်ကိုပါ ထပ်မံဖယ်ရှားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း Facebook နှင့် MediaFire ဝဘ်ဆိုဒ်တို့သည်လည်း စစ်တပ် ဝါဒဖြန့် ရတနာပုံသတင်းစာ၏ အကောင့်များကို ဖျက်သိမ်းခဲ့သည်။
Justice For Myanmar က အဆိုပါကုမ္ပဏီများထံ စာရေးသားပေးပို့ရာတွင် အဆိုပါ စစ်လော်ဘီ ဝါဒဖြန့်ယန္တယားနှင့် ဆက်နွယ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒဏ်ခတ်ပိတ်ဆို့မှု လိုက်နာရေး၊ သတင်းမှား တားဆီးရေးတို့အပေါ် မေးခွန်းထုတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“အဆိုပါကုမ္ပဏီတွေအနေနဲ့ အရေးယူမှုတွေကို အခုကပဲ စတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး၊ သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုထားသည်။
လက်ရှိတွင် Apple, TikTok, X (Twitter), Telegram, Cloudflare နှင့် ApkPure တို့သည် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး အကောင့်များအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးဘဲ ဆက်လက်ခွင့်ပြုထားဆဲဖြစ်သည်ဟု သိရသည်။
#စစ်အုပ်စုဝါဒဖြန့် #YouTube #ဖေ့စ်ဘွတ်အကောင့် #ဆက်တိုက်ဖြုတ်ချခံနေရ #ThanLwinKhetNews
