ရွာလုံးကျွတ် မီးရှို့ခံထားရသည့် ရေရှင် ဒေသခံများ ဆေးဝါး နှင့် သောက်သုံးရေ အရေးပေါ် လိုအပ်နေ
******************************************
သံလွင်ခက်။
ဇန်နဝါရီ ၁၇၊ ၂၀၂၃ခုနှစ်။
ရွာလုံးကျွတ် မီးရှို့ခံထားရမှုကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရေရှင်ကျေးရွာက ဒေသခံများ ဆေးဝါးနှင့် သောက်သုံးရေ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၁ နှစ်ကျော်အကြာ စစ်ဘေးတိမ်းရှောင်နေရသည့် ရေရှင်ဒေသခံများအနေဖြင့် ဆေးဝါးနှင့် သောက်သုံးရေ ရရှိရန်အခက်ခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
စစ်ဘေးရှောင် ကူညီသူတစ်ဦးက “ အခုက ရာသီဥတု အပြောင်းလဲဆိုတော့ ကလေးငယ်တွေ ဖျားတာတွေ သက်ကြီးရွယ်အိုးတွေ ဖျားတာ သွေးတိုးတာတွေ တော်တော်များဖြစ်တယ်ဗျ။ ပြီးတော့ သောက်ရေအတွက် တောင်ကနေ သွယ်ရတာဆိုတော့ ရေသွယ်ဖို့ ပိုက်တွေ ခက်ခဲတယ် ” ဟု ပြောသည်။
အိမ်ခြေ ၃၅၅လုံး ရှိသည့် ရေရှင် ကျေးရွာနေအိမ်အားလုံးနီးပါးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့လိုက်သည့်အတွက် ဒေသခံ ၁၅၀၀ ကျော်သည် နီးစပ်ရာ တောတောင်များသို့ စစ်ဘေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
သောက်သုံးရေအဖြစ် တောင်ကျရေကို အဓိက သုံးနေရပြီး၊ သုံးရေအဖြစ် ရာသီပေါ်သီးနှံများကိုရေလောင်းရန် တူးဖော်ထားသည့် မြောင်းရေကို အဓိက အသုံးပြုနေရသည်ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် သုံးရေအဖြစ် မြောင်းရေကို အဓိကထားသုံးနေရသော်လည်း ရက်အနည်းငယ်ကြာလျင် မြောင်းရေပါ ရရှိတော့မည်မဟုတ်ဟု စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောသည်။
၎င်းက ” မြောင်းတွေမှာ ခြုံတွေ တအားများတဲ့အခါ သစ်ရွက်ပုတ် သစ်ရွက်ရေတွေ ကျွဲနွားလူးတာနဲ့ ဆိုတော့ ချိုးရင်ယားတာမျိုးရှိပေမယ့် ၁၅ ရက်လောက်တော့အဆင်ပြေပါသေးတယ်။ ၁၅ရက်ကျော်သွားရင် ချိုးရေကော သောက်ရေပါ တော်တော်ခက်ခဲသွားမယ် “ ဟု ပြောသည်။
နေအိမ်အားလုံး မီးလောင်ထားသည့်အပြင် ရွာအနီးဝန်းကျင်ရှိ ပျူစောထီးရွာများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် လက်ရှိအချိန်တွင် နေရပ်ပြန်ရန် အဆင်မပြေသေးဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” ကျေးရွာကို ပြန်ပြီးနေထိုင်ဖို့က လုံးဝမဖြစ်နိုင်သေးဘူး ဘာလို့မဖြစ်နိုင်တာလဲဆိုရင် အိမ်က တစ်ရွာလုံး မီးလောင်ထားတာဖြစ်တယ် ။ ပျူရွာတွေနဲ့ နီးတဲ့အတွက် သူတို့က ဘယ်ချိန် ဘယ်ခါရယ်မှ မဟုတ်ဘူး။ လက်နက်ကြီးတွေနဲ့ထုနေတာဆိုတော့ ရွာထဲပြန်နေလို့မရဘူး ” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရေရှင်ကျေးရွာရှိ နေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့ပြီး ၂၀၂၂ခုနှစ် မေလပိုင်းတွင် တတိယအကြိမ် ရွာလုံးကျွတ် မီးရှို့ခဲ့ခြင်းဖြစ်သည်။