မြန်မာနိုင်ငံသည် သီရိလင်္ကာကဲ့သို့ နိုင်ငံခြားငွေ ပြတ်တောက်မှု ကြုံတွေ့ရနိုင်
******************
ဇန်နဝါရီ ၁၇၊ ၂၀၂၃။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာချေးငွေနှင့် အထောက်အပံ့များ မရရှိတော့သည့်အတွက် မကြာမီအချိန်အတွင်း မြန်မာနိုင်ငံသည် သီရိလင်္ကာကဲ့သို့ နိုင်ငံခြားငွေ ပြတ်တောက်မှု ကြုံတွေ့ရနိုင်သည်ဟု Institute for Inclusive Governance အဖွဲ့က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာထိန်းချုပ်မှု မူဝါဒ အပြောင်းအလဲများကြောင့် ဖြစ်ပေါ်စေသော ကုန်သွယ်ရေးအခြေအနေအပေါ် သုံးသပ်ကာ စစ်တမ်းပြုစု ထုတ်ပြန်ထားခြင်းဖြစ်သည်။
သီရိလင်္ကာကဲ့သို့ နိုင်ငံခြားငွေပြတ်တောက်မှု ကြုံတွေ့နိုင်ပြီး အရေးကြီးသွင်းကုန်များဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများ ပြတ်လပ်နိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
၂၀၁၉−၂၀၂၀ နှင့် ၂၀၂၁−၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်များအတွက် ပြည်ပမှ ချေးငွေနှင့် အထောက်အပံ့ဒေါ်လာ ၂.၅ ဘီလီယံ လိုအပ်မည်ဟု ခန့်မှန်းခဲ့ပြီး အရန်ငွေ ၅ လစာထားရှိနိုင်ရန်နှင့် မက်ခရိုစီးပွားရေးဆိုင်ရာ မူဘောင်ပါ စည်းမျဉ်းများကိုလိုက်နာရန် လိုအပ်သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ၂၀၂၀ ခုနှစ် ဇူလိုင်လထုတ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် လာမည့်နှစ်များတွင် မြန်မာနိုင်ငံအတွက် ပြည်ပချေးငွေ အထောက်အပံ့ နှစ်စဉ်ဒေါ်လာ ၁.၅ ဘီလီယံ လိုအပ်မည်ဟု IMF က ခန့်မှန်းသည်။
လတ်တလော မြန်မာနိုင်ငံတွင် ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး အပါအဝင် အခြေခံစားသောက်ကုန်များနှင့် ပြည်ပမှ တင်သွင်းရသည့် စိုက်ပျိုးရေးအသုံးအဆောင် ပစ္စည်းများမှာ စံချိန်တင် ဈေးနှုန်း မြင့်တက်နေသည်။
အာဏာသိမ်းပြီးနောက် ပြည်တွင်းမတည်ငြိမ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ရာနှုန်းပြည့် အကောင်အထည် ဖော်ဆောင်နိုင်ခြင်းမရှိဟု တောင်သူလယ်သမားများက ပြောသည်။
” အရင်က ဓါတ်မြေသြဇာတစ်အိတ် လေးသောင်းဆို အခု တစ်သိန်းလောက်ပေးဝယ်နေရတော့ အိမ်မှာရှိတဲ့ လယ် ၁၀ ဧကမှာ ၃ ဧက လောက်ပဲ စိုက်ပျိုးနိုင်တော့တယ် ” ဟု ဧရာဝတီတိုင်းမှ တောင်သူလယ်သမား တစ်ဦးက ပြောသည်။
မြန်မာငွေဈေး နိမ့်ကျနေပြီး စစ်ကောင်စီ၏ စီးပွားရေးထိန်းချုပ် ကန့်သတ်မှုများကြောင့် မြန်မာနိုင်ငံအတွင်းမှ ပြည်သူလူထုသည် ဆင်းရဲမွဲတေမှုများကို ဆက်လက်ရင်ဆိုင်ရမည်ဟု သီပေါ မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်သည်။
ဦးရဲထွန်းက “ မြန်မာငွေကထိုးကျသွားတဲ့အခါ နိုင်ငံခြားကတင်သွင်းရတဲ့ စျေးက ခေါင်ခိုက်အောင်စျေးတက်သွားကြတာပေါ့နော်။ အဲဒီလို ကုန်စျေးနှုန်းတက်လာတဲ့အခါ သာမန်လူထုရော၊ ဆင်းရဲသားပြည်သူတွေရဲ့ စားဝတ်နေရေးက ဆိုးဆိုးဝါးဝါး ထိခိုက်လာဦးမှာပေါ့ ” ဟု ပြောသည်။
စစ်ကောင်စီ ထိန်းချုပ် ဗဟိုဘဏ်မှ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုကို ဟန့်တားရန် စက်တင်ဘာ ၂၀၂၁ ခုနှစ် ၃ လအတွင်း အရန်နိုင်ငံခြားငွေမှ ဒေါ်လာထုတ်ရောင်းခဲ့ရသည်။
ဒါကြောင့် ဒေါ်လာ ၁ဘီလီယံ လျော့နည်းသွားသည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၂၂ခုနှစ် ဇူလိုင်လထုတ်မြန်မာစီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြသည်။
ထိုနှုန်းအတိုင်းဆက်သွားလျှင် ၂၀၂၂ခုနှစ် ပထမ ၆လ ကုန်ဆုံးချိန် အရန်ငွေလုံလောက်စွာရှိတော့မည် မဟုတ်ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
စစ်တမ်းထုတ်ပြန်ချက်များက မြန်မာ့စီးပွားရေး ကျဆင်းနေသည်ဟု ဆိုသော်လည်း စစ်ကောင်စီ ခေါင်းဆောင်ကမူ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ၈ ရာခိုင်နှုန်းခန့် ပြန်လည် တိုးတက်လာခဲ့သည်ဟု ဇန်နဝါရီလ ပထမအပတ်တွင် စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောဆိုသည်။
ပုံစာ – မြန်မာနိုင်ငံက စားဝတ်နေရေး ခက်ခဲနေသည့် မိသားစုများမြင်ကွင်း။
Photo – World Bank Myanmar