ကျေးရွာများကို မီးပတ်ရှို့နေသည့် စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်
************************************************
ဇန်နဝါရီ ၁၇၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကျေးရွာများကိုမီးပတ်ရှို့နေသည့် စစ်ကောင်စီ လက်အောက်ခံစစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်များက အလစ်အငိုက်တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ကျဆုံးမှုများနိုင်ကြောင်း သိသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်၊နေ့လည် ၁၁ နာရီဝန်းကျင်တွင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးပတ်ရှို့ပြီး ဆားလင်းကြီးမြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် အင်အား ၅၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ကြိုတင်သတင်းရရှိမှုဖြင့် ဆားလင်းကြီးမြို့နယ် ဆားတုန်းရွာထိပ်တွင် ဒေသခံကာကွယ်ရေးတပ်များက အလစ်အငိုက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုများနိုင်ကြောင်း Department Of Information-DRPA အဖွဲ့ တာဝန်ရှိသူမှ ပြောသည်။
“ ခန့်မှန်းခြေအင်အား ၅၀ ပါတဲ့စစ်ကြောင်းက ၂၀ လောက်ထိသေချာပေါက်ကျနိုင်တယ်။ အတိအကျမဟုတ်တော့ မြေပြင်နဲ့ ခန့်မှန်း ခြေ ကွဲလွဲမှုလေးတွေတော့ရှိနိုင်တယ်။ စစ်ကောင်စီတပ်တွေ တော်တော်လေးအထိအခိုက်ဖြစ်သွားလို့ လေကြောင်းပစ်ကူတွေပါရောက်လာတာ ” ဟု ၎င်းက ပြောသည်။
ထိုတိုက်ပွဲဖြစ်ပွားရာ ဆားတုန်းရွာအနီးသို့ စစ်ကောင်စီတပ်က Mi 35 ဖြင့် ၁နာရီးနီးပါး လေကြောင်း ပစ်ကူပေးခဲ့သဖြင့် ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး ဒေသခံပြည်သူတစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထိုတိုက်ပွဲကို DRPA၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ Black Shadow (DRPA-တပ်ခွဲ၄)၊ Black Vote Fighter LPDF၊ Salingyi Generation-Z PDF၊ Daung New Generation PDF နှင့် ဒေသခံ ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိသည်။
ယခု ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ရေဦးမြို့နယ် ကြောင်ပန်းတောကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်များကို DRPAနှင့် မဟာမိတ်တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။