နှစ်ပွဲဆက်နိုင်ပွဲရရှိတဲ့ အောင်လအန်ဆန်ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲထိုးသတ်ဖို့ နီးစပ်တော့မှာလား
*******************************
ဇန်နဝါရီ ၁၄၊ ၂၀၂၃ ။
ဒီနေ့မနက်ပိုင်း ယှဥ်ပြိုင်သွားတဲ့ MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဘရာဇီးဖိုက်တာ ဂီလ်ဘာတိုကို ပထမအချီအတွင်းမှာပဲ အနိုင်ရရှိခဲ့ပါတယ်။
ONE Championship အဖွဲ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းသွားတဲ့ One Fight Night-6 ပြိုင်ပွဲမှာ အောင်လအန်ဆန်တို့တွဲဆိုင်းဟာ ပွဲစဥ် ၅ ပွဲမြောက်မှာ ယှဥ်ပြိုင်ထိုးသတ်သွားတာ ဖြစ်ပါတယ်။
ပွဲစစချင်းမှာ ဘရားဇီးဖိုက်တာဟာ သူအားသာတဲ့ ဘယ်၊ညာ ဝိုက်လက်သီးတွေနဲ့ အောင်လအန်ဆန်ကို တိုက်စစ်ဆင်ထိုးသတ်ခဲ့ပါတယ်။ ဒါပေမယ့် အောင်လအန်ဆန်က အကောင်းဆုံးကာကွယ်နိုင်ခဲ့တဲ့အပြင် ဂီလ်ဘာတို လဲကျသွားအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။
လဲကျသွားတဲ့ ဂီလ်တာဘိုကို အောင်လအန်ဆန်က လိုက်ဖိမထိုးခဲ့ဘဲ ပွဲကိုပြန်တည်ပြီး ယှဥ်ပြိုင်စေခဲ့ပါတယ်။ ဒုတိယအကြိမ် ပြန်ယှဥ်ပြိုင်ရာမှာတော့ ဂီလ်ဘာတိုဟာ အောင်လအန်ဆန်ရဲ့ ခါးအောက်ပိုင်းကို အတင်းဝင်လုံးပြီး ချုပ်ကွက်နဲ့ယှဥ်ပြိုင်ခဲ့ပါတယ်။
နှစ်ယောက်သားလုံးထွေးနေတဲ့အချိန်မှာ အောင်လအန်ဆန်ရဲ့ တံထောင်တိုက်ခိုက်ချက်မိသွားတဲ့ ဂီလ်ဘာတိုဟာ ထပ်မံလဲကျသွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ လဲကျသွားတဲ့ ဂီလ်ဘာတိုကို အောင်လအန်ဆန်က ဘယ်၊ညာ လက်သီးတွဲလုံးတွေ ဆက်တိုက်ထိုးခဲ့တာကြောင့် ပထမအချီ ၁မိနစ်နဲ့ ၂၉ စက္ကန့်မှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
အဲဒီနိုင်ပွဲဟာ အောင်လအန်ဆန်အတွက် ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံးနိုင်ပွဲဖြစ်သလို ကမ္ဘာ့ချန်ပီယံခါးပတ်တွေလ က်လွတ်ခဲ့ရပြီး ပြန်လည်ယှဥ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ တတိယမြောက်နိုင်ပွဲလည်း ဖြစ်ပါတယ်။
One Championship အဖွဲ့ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၃၀ ရက်မှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲနဲ့ ၂၀၂၁ ခုနှစ် ဧပြီ လ၂၈ ရက်မှာ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွေမှာ စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရိုက်ဒါကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်တွေကို စွန့်လွှတ်ခဲ့ရတာပါ။
အဲဒီနောက်မှာတော့ အောင်လအန်ဆန်ဟာ MMA ပြိုင်ပွဲ ၄ ပွဲယှဥ်ပြိုင်ခဲ့ပြီး ဒုတိယမြောက်ပွဲစဥ်မှာ ချန်ပီယံဟောင်း ရုရှားဖိုက်တာဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါပေမယ်လည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၉ရက်မှာ ဂျပန်ဖိုက်တာ အိုကာမီနဲ့ ထိုးသတ်သွားတဲ့ပွဲစဥ်၊ ဒီနေ့မှာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတိုနဲ့ ထိုးသတ်သွားတဲ့ပွဲစဥ်တွေမှာ ပထမအချီ တစ်မိနစ်ကျော်အတွင်းမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အခုလိုနှစ်ပွဲဆက်နိုင်ပွဲကြောင့် နောက်လာမယ့် MMA ပြိုင်ပွဲမှာ Main Eventပွဲ (ခေါင်ပွဲစဥ်များ) တွေအတွင်း ယှဥ်ပြိုင်သွားရနိုင်တယ်လို့ အောင်လအန်ဆန်က ပြောခဲ့ပါတယ်။
ဒီနေ့ကျင်းပသွားတဲ့ MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်ရဲ့ပွဲစဥ်ဟာ Main Event နဲ့ Co-Main Event နှစ်ပွဲရဲ့နောက်မှာ ၄ပွဲမြောက် အဓိက ပွဲစဥ်တစ်ပွဲအနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပြိုင်ပွဲအပြီး ဘီဘီစီနဲ့သီးသန့်အင်တာဗျူးမှာတော့ သူရဲ့အဓိကရည်မှန်ချန်းဟာ ကမ္ဘာ့ချန်ပီယံခါးပတ်ပြန်ရဖို့ ဖြစ်တယ်လို့ အောင်လအန်ဆန်က ပြောဆိုသွားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ နောက်လာမယ့်ပြိုင်ပွဲဟာ အခုနှစ်လည်ပိုင်းမရောက်ခင်လောက်မှာဖြစ်နိုင်ပြီး ONE ရဲ့ Main Event ပွဲစဥ်တွေအဖြစ် ယှဥ်ပြိုင်သွားရနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲက ဘယ်တော့ထိုးရမလည်းဆိုတာ ခန့်မှန်းမပြောဆိုသွားပေမယ့် နောက်လာမည့်ပွဲမှာ Main Event ပွဲစဥ်တွေမှာ ထိုးသတ်သွားရနိုင်တာကြောင့် လာမယ့်ပတ်ထဲမှာပဲ လေ့ကျင့်မှုတွေ ပြန်စသွားမှာ ဖြစ်တယ်လို့ အောင်လအန်ဆန်က ပြောခဲ့ပါတယ်။