ဩဂုတ် ၁၇ ရက်က ဗုံးကြဲခံရခြင်းကြောင့် အရပ်သား ၃၀ ကျော်သေဆုံးခဲ့ရသည့် မော်ချီးဒေသတွင် ဩဂုတ် ၁၉ ရက် နံနက် ၆ နာရီကျော်တွင် ထပ်မံဗုံးကြဲခံရ၍ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးမှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားသည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) မှ တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောသည်။
“ဒီမနက် ၆ နာရီ ၁၀ မိနစ် ဝန်းကျင်မှာ Y 12 နဲ့ ဗုံး လေး၊ ငါး၊ ခြောက်လုံး ကြဲချတယ်။ နှစ်နေရာချတာပေါ့နော်။ ဒေသအခေါ် လိုခါးလို တစ်နေရာ ကျောက်ကြား တစ်နေရာ ကျတာပေါ့လေ။ လူလေးယောက် ထိခိုက်တယ်။ နှစ်ယောက်ကတော့ ပြင်းထန်တယ်” ဟု ဦးဗညားက အတည်ပြု ပြောသည်။
ထိုသို့ ဗုံးကြဲချခြင်းကြောင့် ထိခိုက်ပျက်စီးမှု စာရင်းအား အတိအကျ မသိရသေးဟု ဦးဗညားက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်တွင် စစ်မက်ဖြစ်ပွားခြင်းမရှိဘဲ သတ္တုတူးဖော်ရေးလုပ်ကိုင်နေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် နေရာများသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ၃၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် စစ်ပွဲဖြစ်ပွားခြင်းမရှိဘဲ မော်ချီးဒေသကို ၂၀၂၅ ခုနှစ်အစမှ ဩဂုတ်လ ၁၇ ရက်အထိ ၁၁ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ တိုက်ခိုက်ခံရသည့် အကြိမ်ရေကို ထည့်တွက်ပါက ၁၇ ကြိမ်အထိ တိုက်ခိုက်ခံထားရသည်ဟု IEC က ထုတ်ပြန်သည်။
ထိုသို့ စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကို တုံ့ပြန်ရန် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့် အတူ ကရင်နီကြားကာလ အုပ်ချုပ်ရေး ကောင်စီတို့ ပူးပေါင်းလုပ်ဆောင်သွားမည် ဟုဆိုသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများအတွက်လည်း အာဆီယံအပါအဝင် နိုင်ငံတကာ အစိုးရများက ထိရောက်စွာ အရေးယူနိုင်ရန် တိုက်တွန်းသည်ဟုလည်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ဩဂုတ်လ ၁၈ ရက် ထုတ်ပြန်ထားသည့် ကြေညာချက်တွင် တိုက်တွန်းထားသည်။