ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဥက္ကဌဟောင်း ဦးဇောင်းဟရားသည် ယနေ့ မေလ ၁၅ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားသည်ဟု သိရသည်။
ဦးဇောင်းဟရားသည် ၂၀၁၈ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် KIO ဥက္ကဌ နေရာမှ အငြိမ်းစားယူခဲ့ပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ်သည်။
၂၀၀၆ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ KIO တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးဇောင်းဟရားသည် KIO တွင် ၅ ဦးမြောက်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။ ၎င်း အနားယူပြီးနောက် KIO တွင် ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လက တာဝန်ယူထားခဲ့သည်။
ဦးဇောင်းဟရား ဥက္ကဌအဖြစ် တာဝန်ယူထားချိန် ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရမှ ကချင်လွတ်မြောက်ရေးတပ် KIA/KIO အား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အဆိုပြုချက်ကို ငြင်းဆိုခဲ့သည်။
ထို့နောက် ၂၀၁၁ ခုနှစ်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ တာပိန်ရေအားလျှပ်စစ်စီမံကိန်း အငြင်းပွားမှုများမှတဆင့် တကျော့ပြန်တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။
ဓါတ်ပုံ – KLN