ခင်သရဖီဦး
စစ်ကောင်စီ ယမန်နေ့က ဗုံးကြဲခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ယနေ့ မေလ ၁၅ ရက် နေ့လည် ၂ နာရီ ၅မိနစ်တွင် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် လူအသေအပျောက်ရှိခဲ့ပြီး နေအိမ်များပါ ပျက်စီးခဲ့သည့် ရွာမရပ်ကွက်အား နေ့လယ် ၂ နာရီ ၅ မီနစ်တွင် တစ်ကြိမ် ၂ နာရီ ၁၀ မီနစ်တွင် တစ်ကြိမ် ထပ်မံ၍ ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံး ကြဲချခဲ့သည်ဟု ULA/AA နှင့် နီးစပ်သည့် အသက် ၅၀ အရွယ် ကျောက်တော်ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။
“မနေ့က ချခဲ့တဲ့ နေရာအနီးတဝိုက်ကို ထပ်ပြီး လာချတာပါ။ ပေါင် ၅၀၀ ရှိတဲ့ ဗုံးနှစ်လုံး ချခဲ့ပါတယ်။ အထိအခိုက်တော့ ရှိမယ်။ ဂျက်က ဝဲတုန်းဆိုတော့ လောလောဆယ် မသိသေးဘူး” ဟု ၎င်းဒေသခံက ပြောသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း လက်ရှိတွင် အတည်မပြုနိုင်သေးဟု ၎င်းက ဆိုသည်။ သံလွင်ခက်အနေဖြင့်လည်း ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ယမန့်နေ့ မေလ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် ဗုံးတစ်လုံး ကြဲချခဲ့သည့်အတွက် အမျိုးသမီး သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၅ ဦးအထိရှိခဲ့သည်။
“မနေ့က စစချင်းတော့ အမျိုးသမီး တစ်ဦး သေဆုံးပြီးတော့ တွေ့ရတယ်ပေါ့လေ။ နောက် ထပ်ရှာတော့ ထပ်ပြီး နှစ်ဦး သေတာ တွေ့တယ်။ ဆုံးသွားတာက စုစုပေါင်း အမျိုးသမီး သုံးဦးအထိ ရှိလာတာပေါ့”ဟု ၎င်းက ဆိုသည်။
သေဆုံးသွားသူများမှာ ရွာမရပ်ကွက်မှ အသက် ၁၆ အရွယ်မှ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးများ ဖြစ်သည်ဟု စုံစမ်းသိရသည်။
ထို့အပြင် ဒဏ်ရာ ရရှိထားသည့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့မှာ နီးစပ်ရာဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
စစ်ကောင်စီ၏ လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်တွင် နှစ်ရက်အတွင်း သေဆုံးသူ ၁၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၅ ဦးအထိရှိနေပြီး အိမ်ခြေ ၄၀ ခန့်မှာလည်း ပျက်စီးသွားခဲ့သည်။
ပုံစာ – မေလ ၁၄ ရက်က ကျောက်တော်တွင် လေကြောင်းဗုံးကြဲခံရပြီးနောက် မြင်ကွင်း
