အမီးလေး
တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ရှောင်နေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက မေလ ၈ ရက်တွင် လေကြောင်းဗုံးကြဲခဲ့ရာ စစ်ရှောင်ပြည်သူ ၁၅ ဦးသေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဗန်းမော် UG အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“ဗုံးကြဲတာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတယ်ဆိုပြီး ဘုန်းကြီးကျောင်းကို နှစ်ခါ ကြဲတယ်။ နှစ်ခါ ကြဲတဲ့ထဲမှာ ပြည်သူတွေက ဘုန်းကြီးကျောင်းကနေ ထွက်ပြီးတော့ ကမ်းနားဘက်ကို ထွက်ပြေးတဲ့ အချိန်ကို ဒရုန်းနဲ့ ကြည့်နေပြီးမှ တမင်ကြဲသွားတဲ့ ပုံစံမျိုးတော့ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသူများတွင် အမျိုးသမီးနှင့် ကလေး အရေအတွက်ကိုတော့ အတိအကျ မသိရသေးဟု ဆိုသည်။
ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ကမ်းနားရိပ်သာဘုန်းကြီး ကျောင်းတွင် ခိုလှုံနေသူများသည် ဗန်းမော်တွင် ရှိနေသည့် အိမ်ကို စောင့်ကျန်နေသူများနှင့် ငွေကြေးအဆင်မပြေမှုကြောင့် တခြား ဒေသသို့ စစ်ရှောင်ရန် မတတ်နိုင်ကြသူများဖြစ်သည်ဟုသိရသည်။
ဘုန်ကြီးကျောင်းအား ပေါင် ၅၀၀ ပြင်းအား ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရှောင်ပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်ဟု သိရသည်။
“ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဒီဘေးလွတ်ရာကို ခေါ်ထုတ်သွားတဲ့သူတွေကတော့ အကုန်လုံးတော့ ဘေးကင်းတဲ့ နေရာကို ရောက်ပြီ။ သူတို့လည်း လိုအပ်တဲ့ ဆေးဝါးပစ္စည်း အကုန်လုံးတော့ ကူညီ ထောက်ပံ့ပေးထားတာတော့ ရှိတယ်။ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုသမှုတွေ ပြုလုပ်ပေးနေတာပေါ့” ဟု တာဝန်ရှိသူက ဆိုသည်။
ဗန်းမော်တိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ် KIA နှင့် မဟာမိတ်ပူးပေါင်းတပ်များ စုပေါင်ကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ပုံစာ – စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် ဘုန်းကြီးကျောင်းမြင်ကွင်း