အမီးလေး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခန္တီးမြို့တို့တွင် စစ်ကောင်စီတပ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခရီးသွားပြည်သူများအား ဖမ်းဆီးကာ တပ်သားစုဆောင်းနေသည်ဟု ခန္တီးဒေသခံများထံမှ သိရသည်။
ခန္တီးမြို့ – လဟယ်မြို့ကြား ကားလမ်း၊ ခန္တီး- ဟုမ္မလင်းကြားနှင့် ခန္တီး- နန်စီပွန်ကျေးရွာတို့ကြားတွင် သွားလာနေသည့် ဒေသခံ ခရီးသည်များအား ဖမ်းဆီးကာ အတင်းအဓမ္မ သွေးစစ်ပြီး ဆေးအောင်ပါက မန္တလေးမြို့နှင့် မုံရွာမြို့သို့ ပို့ဆောင်နေသည်ဟု ခန္တီးဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“ဒီအတောအတွင်း ဆက်တိုက် ပေါ်တာ ဆွဲတာတွေ၊ ဆွဲတဲ့ခါ ခန္တီးထွေအုပ်ဝန်ထမ်းတွေက လူသွားလူလာများတဲ့ လမ်းတွေပေါ်မှာ စစ်ဆေးမေးမြန်းဖမ်းဆီးတာတွေ လုပ်လာတယ်။ သူတို့ဖမ်းတာတွေက ဂိတ်မှာ မဟုတ်ဘူး။ ဘယ်သူမှ ပြန်မပြောဖို့တွေ ခြိမ်းခြောက်တားဆီးတာလည်း ပြောလေ့ရှိတယ်။စစ်မှုထမ်းဖို့ အသက်ပြည့်တဲ့ သူတွေကို ဖမ်းလာပြီး ဆေးစစ်တယ်။ ဆေးအောင်ရင် မန္တလေးလေယာဉ်နဲ့ ပို့တယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်က ခန္တီး- လဟယ်ကြားတွင် နာဂအမျိုးသား လေးဦး တပ်သားစုဆောင်းဖမ်းဆီးခံခဲ့ရသေးသည်။ အဆိုပါဖမ်းဆီးခံရသူများသည် ယနေ့အချိန်အထိ မိသားစုများနှင့် အဆက်အသွယ် မရသေးဟု ၎င်းသတင်းရင်းမြစ်က ဆက်ပြောသည်။
“သူတို့ကိုကျတော့ ဂိတ်မှာ ဖမ်းမိတာ ဒီရက်ဆို ၈ ရက်ရှိပြီး သွေးစစ်တာ အောင်တယ်။ ငလျင်ကြောင့် မန္တလေးလေဆိပ် ပျက်စီးနေလို့ လေကြောင်းပိတ်ထားလို့ မပို့ရသေးတာဖြစ်မယ်။ သူတို့ထဲက တစ်ယောက်ရဲ့ အမျိုးသမီးက ဗိုက်ကြီးသည်တဲ့။ အဖမ်းခံရတဲ့အခါ ဖုန်းအသိမ်းခံရတော့ အဆက်အသွယ်လုပ်လို့ မရတာ” ဟုဆိုသည်။
ဖေဖော်ဝါရီလတွင်လည်း စစ်ကောင်စီမှ ခန္တီးမြို့နယ် နန့်ခမ်းချောင်း ရွှေမှော်တွင် ရွှေမှော်လုပ်ကိုင်နေသည့် ပြည်သူ ၃၀ ကျော်အား ပေါ်တာဆွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေအား ပြဌာန်းသည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လူသွားလူလာလမ်းမများပေါ်တွင် အရပ်သားပြည်သူများအား ပေါ်ပေါ်ထင်ထင် ဖမ်းဆီးလျက်ရှိသည်။
ပုံစာ -နာဂဒေသ၏ လမ်းတစ်နေရာတွင် ခရီးသွားနေကြသည့် ဒေသခံများ။