ငလျင်ဘေးဒဏ်သင့်မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများလုပ်ဆောင်ရာတွင် အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးလုပ်ဆောင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) က တိုက်တွန်းကြောင်း ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
၂၀၀၈ နာဂစ်မုန်တိုင်းတွင် ပြည်သူများအားကူညီရန်ပေးအပ်သော နိုင်ငံတကာမှ အကူအညီများကို စစ်အုပ်စုက ၎င်းတို့အကျိုးစီးပွားအတွက် အသုံးချသွားသည့် သမိုင်းကြောင်းများရှိသည်အတွက် လက်ရှိငလျင်ဒဏ်ခံကာလတွင် အခွင့်ကောင်းယူကာ နိုင်ငံရေးအမြတ်မထုတ်စေရန် အနီးကပ်အကဲဖြတ်စောင့်ကြည့်သည့်လုပ်ငန်းစဉ်ကို ထည့်သွင်းထားရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNU အနေဖြင့်လည်း အရေးပေါ်လိုအပ်မှုများကို တုံ့ပြန်ကူညီဆောင်ရွက်ရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွှေ့တတ်နိုင်သည့် နည်းလမ်းများမှ ပါဝင်သွားမည်ဟု ရေးသားထားသည်။
ထိုအပြင် ပြည်သူများ ငလျင်ဘေးဒဏ်ကြုံတွေ့နေရချိန်တွင် စစ်ကောင်စီအနေဖြင့် အရပ်သားနေရာများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေသည်ကို ဝမ်းနည်းစွာ တွေ့ရှိရကြောင်း ထည့်သွင်းဖော်ပြထားသည်။