စိန်ချယ်ရီဝင်း (အင်းလေး)

ကြောင်ခုန်ကျောင်းဟာ သက်တမ်းရာချီရှိတာကြောင့် ရှေးဟောင်းယဥ်ကျေးမှုနှင့် အမွေအနှစ်အဖြစ် မြတ်နိုးစရာပါ။
ညောင်ရွှေမြို့၊ အင်းလေးဒေသရဲ့ သက်တမ်းအရင့်ဆုံး ဘုန်းကြီးကျောင်းဖြစ်တဲ့ အင်းလေးရဲ့ ခရီးသွားလုပ်ငန်းမှာ အရေးပါခဲ့တဲ့ နေရာတစ်နေရာဆိုလည်း မမှားပါဘူး။
ကြောင်ခုန်ကျောင်းလို့ လူသိများလှတဲ့ ငါးဖယ်ချောင်းကျောင်းတိုက်ဟာ ဟာ မြန်မာ့ရှေးအမွေအနှစ်စာရင်းထဲကို ဝင်လောက်တဲ့အထိ သမိုင်းကြောင်းရှိခဲ့ပါတယ်။
မြန်မာ သက္ကရာဇ် ၁၂၀၅ ခုနှစ်မှာ စတည်ခဲ့တဲ့ ကျောင်းတော်ကြီးဟာ ဒီနှစ်မှာဆို သက်တမ်းအားဖြင့် ၁၈၂ နှစ်ရှိပါပြီ။
ညောင်ရွှေမြို့ စော်ဘွားကြီးဆာစောမောင်နဲ့ နယ်သူ နယ်သားတွေက ဆောက်လုပ် လှူဒါန်းခဲ့တယ်လို့ သမိုင်းမှတ်တမ်းတချို့မှာ ရေးသားဖော်ပြထားပါတယ်။
ကြောင်လေးတွေကို ကွင်းခုန်တတ်ဖို့ ဘုန်းကြီးတွေက လေ့ကျင့်ပေးခဲ့တဲ့အတွက် ကြောင်ခုန်ကျောင်းလို့ စတင်အမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။

ပေ ၁၈၀ ၊ အကျယ်ပေ ၁၂၀ ရှိတဲ့ ကျောင်းတိုက်ကို တိုင်ပေါင်း ၆၅၄ တိုင်နဲ့တည်ဆောက် ထားတာပါ။
ထိုကျောင်းတိုင်တွေထဲကမှ ကျောင်းတိုင်လုံး ၂၀၀ ကိုတော့ ရွှေချ ထားပါတယ်။
သက်တမ်းရင့် ကျောင်းတော်ကြီး အတွင်းမှာတော့ ရှေးပန်းပုပညာရှင် တွေရဲ့ ရှေးလက်ရာတွေဖြစ်တဲ့ သစ်ထွင်းဘုရား စံကျောင်းတော်ဆောင် ၂၇ ဆောင်၊ ယွန်း ဘုရားကြီး ၆ ဆူ၊ သုမေဓာ ရသေ့ ဗျာဒိတ်ယူခန်း ရုပ်တု ၃ ဆူကို ရှေးဟောင်း မူလ လက်ရာအဖြစ် ဖူးမြော် ကြည်ညိုရမှာပါ။
အဲဒီလို ရှေးဟောင်းပုဂံ၊ အင်းဝ၊ ရှမ်းနဲ့ တိဗက်ရဲ့ ရိုးရာဗိသုကာလက်ရာတွေ၊ ရှေးပေစာ၊ ပုရပိုက်စာတွေ၊ သစ်ထွင်းကနုတ်ပန်းတွေ၊ ယွန်းဘုရားရုပ်ပွားတော်တွေစတဲ့ အမွေအနှစ်တွေကလည်း ကျောင်းကို ရောက်သူတိုင်း သမိုင်းထဲ နှစ်ဝင်သွားသလို ခံစားနိုင်တဲ့နေရာဖြစ်ပါတယ်။
ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ အရှင် ဘဒ္ဒန္တကိတ္ထိမာဝံသ ၂၀၁၂ ခုနှစ်မှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။
အဲဒီအခါမှာတော့ လေ့ကျင့်သင်ကြားပေးထားတဲ့ ကြောင်လေးတွေလည်း တဖြည်းဖြည်းသေဆုံးသွားခဲ့ကြပါတယ်။
ကြောင်တွေကို လေ့ကျင့်ပေးသူမရှိတော့ပေမယ့် ကြောင်လေးများကို ဆက်ပြီးကျွေးမွေးစောင့်ရှောက်ထားတဲ့အတွက် ကျောင်းပတ်ပတ်လည်မှာ အရွယ်အစားမျိုးစုံရှိတဲ့ ကြောင်ပေါင်းများစွာကို တွေ့နိုင်မှာဖြစ်ပါတယ်။

အင်းလေးဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်မှာ ရေဘေးဒဏ်နဲ့ ငလျင်ဒဏ်ကို ဆက်တိုက်ဆိုသလို ခံစားခဲ့ရတဲ့ ဒေသထဲပါဝင်ပါတယ်။
အဲဒီအခါ အင်းလေးကန်အတွင်းမှာရှိတဲ့ ငါးဖယ်ကျောင်းရွာ ကျောင်းတိုက်ဟာလည်း ဒီသဘာဝဘေးဒဏ်တွေကနေ လွတ်မြောက်ခြင်းမရှိခဲ့ပါဘူး။
ရုပ်ပွားတော်တွေရှိနေတဲ့ အလယ်ကျောင်းဆောင်မကြီးဟာ ငလျင်ဒဏ်ကြောင့် ယိုင်စောင်းသွားခဲ့ရပါပြီ။
သံမဏိကြိုးတွေ၊ စက်ကိရိယာတွေအကူအညီနဲ့ ပြန်တည့်မတ်နိုင်စွမ်းတောင်မရှိတော့တဲ့ အခြေအနေကို ရောက်ရှိနေတာပါ။
သံတိုင်တွေကို ပြန်တည့်မတ်ဖို့၊ မိုးယိုနေတဲ့ ကျောင်းဆောင်အမိုးတွေကို အသစ်လဲဖို့က အရေးတကြီးလိုအပ်နေတဲ့အခြေအနေပါ။
ပိတ်လို့မရတော့ပြတင်းပေါက်တွေကြောင့်လည်း ရွာသူ၊ ရွာသူတွေက ကျောင်းလုံခြုံရေးအတွက် အလှည့်ကျကင်းစောင့်ပေးနေရပါတယ်။
လက်ရှိကျောင်းထိုင်ဆရာတော် အရှင်စန္ဒာသီရိက ကျောင်းတော်ရဲ့ ရှေးဟောင်းလက်ရာများကို မူမပျက် ပြန်လည်ထိန်းသိမ်းတည်ဆောက်နိုင်ဖို့ အကြံဉာဏ်ပေးမည့် နည်းပညာရှင်တွေ၊ တိုင်ပင်ဆွေးနွေးနိုင်မည့် ပညာရှင်တွေလိုအပ်နေတယ်လို့ မိန့်ကြားပါတယ်။
ရွာဦးကျောင်းဖြစ်တဲ့အလျောက် ကျေးရွာဒေသခံ ရွာသူ/ရွာသားတွေကလည်း ကိုယ်ထူကိုယ်ထ ပြုပြင်တည်ဆောက်ပေးချင်ကြပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေမှာကတော့ အင်းလေးခရီးသွားလုပ်ငန်းရပ်ဆိုင်းမှုနဲ့အတူ သဘာဝဘေးဒဏ်ကို နှစ်ကြိမ်တိတိ ခံစားသလို စီးပွားရေးအခြေအနေချို့တဲ့လာတာကြောင့် လုပ်အားဒါနသာ ပါဝင်နိုင်ကြတော့တယ်လို့ အရှင်စန္ဒာသီရိက မိန့်ကြားပါတယ်။
(အရှင်စန္ဒာသီရိဟာ ယခင်ဆရာတော်ဟောင်းဖြစ်သူ အရှင် ဘဒ္ဒန္တကိတ္ထိမာဝံသနဲ့ ၁၁ နှစ် ကြာ အတူ နေထိုင်ခဲ့သူဖြစ်ပြီး ဆရာတော်ကြီး အရှင် ဘဒ္ဒန္တကိတ္ထိမာဝံသ ပျံလွန်တဲ့အချိန်ကစလို့ ယနေ့အချိန်အထိ ကျောင်းတော်ကြီးရဲ့ အသေးစားပြင်ဆင်မှုများ၊ ထိန်းသိမ်းစောင့်ရှောက်မှုများအား တာဝန်ယူစီမံနေတဲ့ ကျောင်းထိုင်သက်တမ်း ၂၅ နှစ်ရှိ ဆရာတော်တစ်ပါးပဲ ဖြစ်ပါတယ်။)
သဘာဝဘေးဒဏ်တွေကြားမှာ ဒေသအနှံ့ ပြင်ဆင်ပြုပြင်စရာတွေများနေသလိုငါးဖယ်ချောင်းကျေးရွာက ကြောင်ခုန်ကျောင်းဟာ အလှူငွေပိုင်းမှာ အားနည်းနေတဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကြောင်ခုန်ကျောင်းသံဃာတော်တွေနဲ့ ကျောင်းအနီးတဝိုက်က ကြောင်လေးတွေဟာ ယိုင်နဲ့နေတဲ့ ကျောင်းဆောင်ထဲမှာ ပြန်ပြုပြင်နိုင်မဲ့ တစ်နေ့ကို စောင့်ဆိုင်းနေရပါတယ်။
ရှေးဟောင်းဆင်းတုတော်တော်တွေနဲ့ အမွေအနှစ်သုခုမလက်ရာတွေကို လက်ရှိမှာ ထိန်းသိမ်းနိုင်သေးပေမဲ့ နောက်ထပ် ဘေးဒဏ်တစ်ပါးပါး ရောက်ရှိလာခဲ့ရင် နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ ပျက်စီးယိုယွင်းနေတဲ့ ကျောင်းတော်ကြီးက ကာကွယ်ပေးဖို့ ခက်ခဲလှပါတယ်။
အဲဒီအခါမှာ ရှေးဟောင်းအမွေအနှစ်တွေဟာ ပြန်မွမ်းမံပြုပြင်လို့မရတဲ့ အဆင့်အထိ ရောက်သွားနိုင်တာဖြစ်လို့ အလှူရှင်တွေနဲ့ နည်းပညာရှင်တွေ အရေးတကြီးလိုအပ်နေတဲ့အခြေအနေရှိနေကြောင်း အသိပေးအပ်ပါတယ်။
ချိတ်ဆက်လှူဒါန်းလိုပါက -Inle Youth Volunteer Network၊ 09265801742 ကို ဆက်သွယ်နိုင်ပါတယ်။







