ငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရသော မြန်မာပြည်သူများထံသို လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန်အတွက် ဩစတြေးလျနိုင်ငံမှာပို့ဆောင်လာသော ပစ္စည်းထုပ်များ မြန်မာနိုင်ငံသို့ ဧပြီလ ၉ ရက်တွင် ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ဩစတြေးလျသံရုံးက ထုတ်ပြန်ထားသည်။
အရေအတွက်အားဖြင့် ၁၀၀ ကျော်ရှိပြီး အဆိုပါပစ္စည်းများကို သြစတြေးလျသံရုံးအကြီးအကဲဖြစ်သူ Ms Angela Corcoran မှလက်ခံယူခဲ့ပြီး အရေးပေါ်အကူအညီလိုအပ်နေသူထောင်ပေါင်းများစွာထံ တိုက်ရိုက်ပေးပို့နိုင်ရန်အတွက် World Food Programme သို့ လွှဲအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါပစ္စည်းများတွင် အမိုးအကာ၊ မီးဖိုချောင်သုံးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများပါဝင်ပြီး မြန်မာပြည်သူများအတွက်ပေးအပ်မည့် သြစတြေးလျ၏လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၉ သန်းထဲမှတစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။
ဓါတ်ပုံ – Australian Embassy in Myanmar




