ဂျူဒီ
ဖေဖော်ဝါရီ ၄၊ ၂၀၂၅။
မြန်မာနိုင်ငံနယ်စပ်သို့ လျှပ်စစ်မီးပေးထားမှုအား ဖြတ်တောက်တော့မည်ဟု ထိုင်းအစိုးရ၏ ပြောဆိုမှုအပေါ် စိုးရိမ်ပူပန်မှုများရှိနေသည်ဟု ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ဒေသခံများက ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံရှိ လျှပ်စစ်ဓါတ်အားကို ဘုရားသုံးဆူမြို့သို့ မြပန်းကုမ္ပဏီမှတဆင့် ပြန်လည်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယခင်နှစ်ပိုင်း ရောက်ရှိနေသော တရုတ်လူမျိုးများအပြင် ကျားဖြန့် ခေါ် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သော နောက်ထပ် တရုတ်လူမျိုးများ ထပ်မံဝင်ရောက်လာခြင်းများ ရှိနေသောကြောင့် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး ဖြတ်တောက်ခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
“ထိုင်းဘက်ခြမ်း စံခဘက် နမ်မကုတ်ဂိတ်မှာဆို ဘုရားသုံးဆူဘက်ကို ပို့မယ့် ကျားဖြန့်ပစ္စည်းတွေ ခဏခဏ မိတယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ စတားလင့်တွေလေ။ အဲဒီနောက်ပိုင်း အင်တာနက်လိုင်းဖြတ်တာတွေ ရှိတယ်။ အခုအတိုင်းဆို မီးပါဖြတ်တော့မလား မသိဘူး။ ဆိုလာတွေ ဆောင်ထားရတော့မယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
၂၀၂၄ နှစ်လယ်ပိုင်းမှ စပြီး ဘုရားသုံးဆူမြို့သို့ ကျားဖြန့် ခေါ် အွန်လိုင်း ငွေကြေးလိမ်လည်ခြင်း လုပ်ကိုင်သည့် တရုတ်လူမျိုးများ အများအပြား ဝင်ရောက်လာခဲ့ပြီး ယခုနှစ်စပိုင်းတွင်လည်း ထပ်မံဝင်ရောက်လာကြတာမျိုးရှိသည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။
“ဒါကတော့ မြင်နေရတာပဲ။ အသစ်တွေ ရောက်လာလို့ပေါ့။ မွေ့ယာအသစ်တွေ၊ ရေခဲသေတ္တာအသစ်တွေ ဝယ်နေကြတာ။ ပြီးတော့ DKBA နံပတ်ပြားနဲ့ ကားအကောင်းစား အသစ်တွေ တွေ့နေရတယ်လေ။ အဲဒီလိုနံပါတ်နဲ့ ကားတွေဆို တရုတ်တွေ စီးကြတယ်” ဟု ဘုရားသုံးဆူမြို့တွင်း နေထိုင်သူ တစ်ဦးက ဆိုသည်။
တရုတ်လူမျိုးများ ဝင်ရောက်လာပြီးနောက်ပိုင်း ဘုရားသုံးဆူမြို့ ၏ အိမ်ခြံမြေဈေးကွက်မှာလည်း ယခင်ထက် မြင့်တက်နေသည်ဟု သိရသည်။
“အရင်က (ဘတ်) တစ်သိန်းကျော်ပဲ ခေါ်တဲ့ခြံက အခုဆို သုံးသိန်းလောက်ဖြစ်သွားပြီ။ ဆိုင်ခန်းတွေလည်း အဲဒီလိုပဲ မတန်တဆ ဈေးတွေ ပေးပြီး ငှါးနေကြတော့ ပိုင်ရှင်တွေလည်း ဈေးပိုတောင်းနေကြတာပေါ့။ တန်းလျားတွေကအစ နှစ်ချုပ်နဲ့ အကုန်ငှါးထားတာတောင်ရှိတယ်” ဟုလည်း အဆိုပါ ဒေသခံက ဆိုသည်။
ဘုရားသုံးဆူမြို့၌ လက်ရှိအချိန်တွင် တရုတ်လူမျိုးများအတွက် သီးသန့် နေထိုင်နိုင်ရန် အဆောက်အဦးများလည်း ရှိကာ စားသောက်ဆိုင်၊ အလှပြင်ဆိုင်နှင့် အဝတ်အထည်ဆိုင်များအပြင် KTV, Hi ခန်း ကဲ့သို့သော နေရာများလည်း ရှိနေသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။