![]()

မူယန်း/မတ် ၃။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့တွင် ယနေ့ မတ် ၃ ရက်မှစတင်ကာ ဆီတန်းစီဝယ်ယူမှုများပြားလာခဲ့ပြီး လောင်စာဆီရောင်းချရန် မကျန်သဖြင့် ဆီဆိုင်အများစုမှ ပိတ် ထားသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ် ၂ ရက်က မြဝတီမြို့ရှိ ဆီဆိုင်ကြီးများတွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၅,၃၉၀ ကျပ်နှုန်းဖြင့် တန်းစီတိုးဝှေ့ကာ ဝယ်ယူခဲ့ရသော်လည်း ယနေ့နံနက်ပိုင်းတွင် ဆိုင်အများစုမှာ ပိတ်ထားသည်ဟု သိရသည်။
“မနေ့ညကတောင် ကျွန်တော် ဓါတ်ဆီ 92 တစ်လီတာ ၅,၃၉၀ ကျပ်နဲ့ ၅ သောင်းဖိုး ဝင်ဖြည့်နိုင်သေးတယ်။ ဒီနေ့ ၉ နာရီကျော် အိမ်ကထွက်လာတော့ ဆိုင်တွေအကုန် ပိတ်သွားပြီ။ အခုက တစ်ပေပါကို ၁၅ သိန်းလောက်ထိ ပေးဝယ်ရင်တောင် ဝယ်မရတော့တဲ့ အခြေအနေဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြဝတီမြို့ရှိ PTT ဆီဆိုင်တွင်မှု နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်ဖြစ် နှစ်ကြိမ်ဖွင့်လှစ်ရောင်းချပေးသည်ဟု ဒေသခံများက ပြောဆိုသည်။
စက်သုံးဆီ ပြတ်လတ်မှုကြောင့် မြဝတီမြို့တွင်း သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာမှုများ ထိခိုက်လျက်ရှိပြီး အိမ်နှင့် ဆီဆိုင်ကြား သွားလာသည့် တက္ကစီခပင်လျှင် ၈,၀၀၀ ကျပ်အထိ မြင့်တက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက မြဝတီမြို့ရှိ ဆီဆိုင်သေးအချို့တွင် တစ်လီတာလျှင် ၃,၉၀၀ ကျပ်ဖြင့် သက်သာစွာ ရောင်းချပေးခဲ့သော်လည်း ဆီဆိုင်ကြီးများ၏ တိုင်ကြားမှုကြောင့် မီးဘေးအန္တရာယ် အကြောင်းပြကာ ဖမ်းဆီးအရေးယူမှုများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မြဝတီမြို့တွင် ယခင်ကလည်း စက်သုံးဆီ ပြတ်လတ်မှုများ ခေတ္တဖြစ်ပေါ်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ဈေးနှုန်းမှာ အဆမတန် မြင့်တက်နေခြင်းဖြစ်သည်။ ဒေသခံများကမူ ၎င်းအခြေအနေသည် ဈေးကစားသူများကြောင့် ဖြစ်နိုင်ပြီး ရှေ့လျှောက် ဈေးနှုန်းများ ယခုထက် ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။

ယင်းအခြေအနေများကြောင့် မော်တော်ယာဉ်ပိုင်ရှင်များက ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်တစ်မှတဆင့် မဲဆောက်ရှိ ဆီဆိုင်များသို့ လာရောက်တန်းစီဝယ်ယူသူများ မြင့်တက်လာခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ရေးသားထားသည်။
လက်ရှိတွင် အီရန်နှင့် အစ္စရေး၊ အမေရိကန်စစ်ပွဲကြောင့် ရေနံတင်ပို့မှု အဟန့်အတားများ ရှိနေပြီး ထိုင်းနိုင်ငံတွင်လည်း လောင်စာဆီ လုံလောက်မှု နှစ်လစာရှိထားသည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည်။
#လောင်စာဆီ #ပြတ်တောက် #မြဝတီ #ဆီတန်းစီဝယ်ယူ #ဆီဆိုင်အများစုပိတ် #ThanLwinKhetNews
