![]()
သံလွင်ခက်/မတ် ၃။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ် GTC အနီးတွင် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA နှင့် စစ်ကော်မရှင်တပ်တို့ မိနစ် ၃၀ ခန့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ သုံးဦး သေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း DNLA က ထုတ်ပြန်သည်။
တိုက်ပွဲသည် ပြီးခဲ့သည့် မတ် ၁ ရက် နံနက် ၆ နာရီခန့်တွင် GTC တက္ကသိုလ်အရှေ့၌ ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေသော စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို DNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုပ်သံ – ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်
ယင်းတိုက်ပွဲအတွင်း DNLA ဘက်မှ MA1 သေနတ် တစ်လက်၊ G3 တစ်လက်၊ လွယ်ကူစုံ တစ်လုံး၊ G3 ကျည် ၁၀၀ တောင့်၊ MA ကျည် ၁၀၀ တောင့်နှင့် MA ကျည်ကတ် ငါးကတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကော်မရှင်သည် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ် ပြုလုပ်နေသောကြောင့်၊ ပြည်သူများအနေဖြင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ အသွားအလာ သတိပြုရန်နှင့် လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို လိုက်နာရန် တိုက်တွန်းထားသည်။
ထို့အပြင် စစ်ကော်မရှင်တပ်သားများ အနေဖြင့် ပြည်သူဘက်၊ အမှန်တရားဘက်သို့ ရပ်တည်လိုပါက အမြန်ဆုံး ပူးပေါင်းကြရန်လည်း ဖိတ်ခေါ်ထားသည်။
#ထားဝယ်နည်းပညာတက္ကသိုလ် #DNLAတိုက်ခိုက်မှု #စစ်ကော်မရှင်သေဆုံး #ThanLwinKhetNews