![]()
သံလွင်ခက်/မတ် ၃။ ပုံစာ- မြစ်ဝကျွန်းပေါ်က လယ်သမားများ ပျိုးကြဲနေပုံ/ဓာတ်ပုံ- ပေးပို့
မြန်မာနိုင်ငံတဝန်း လျှပ်စစ်မီး ပြတ်တောက်မှု အဆိုးရွားဆုံး ကြုံတွေ့နေရပြီး အင်တာနက်လိုင်းများ အဖြတ်တောက်ခံထားရသည့်ကြားမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်သူလယ်သမားများကို ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်စနစ်များ သုံး၍ လယ်စိုက်ပျိုးရန် တိုက်တွန်းလိုက်သည်။
ယမန်နေ့က ကျရောက်သော (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် စစ်ကောင်စီဥက္ကဋ္ဌက မြန်မာ့လယ်ယာကဏ္ဍကို Smart Farming သို့ ကူးပြောင်းရန်နှင့် တောင်သူများအနေဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ရုံမျှဖြင့် ပိုးမွှားကို စက္ကန့်ပိုင်းအတွင်း နှိမ်နင်းနိုင်မည်ဟု ဆိုထားသည်။
စစ်ကောင်စီဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် AI အခြေပြု Application များကို အသုံးပြုလာနိုင်ပါက စမတ်ဖုန်းဖြင့် သီးနှံအရွက်ကို ဓာတ်ပုံရိုက်ရုံဖြင့် ပိုးမွှားရောဂါကို သိနိုင်မည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ တောင်သူများမှာ ဖုန်းအားသွင်းရန် လျှပ်စစ်မီးပင် ပုံမှန်မရရှိကြပေ။
မြန်မာအင်တာနက် ပရောဂျက်၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်း ၁၄ ခုရှိ မြို့နယ်ပေါင်း ၇၃ ခုတွင် အင်တာနက်ဖြတ်တောက်မှုပေါင်း ၁၀၅ ကြိမ် အထိ ရှိခဲ့သည်။

ပုံစာ- မြစ်ဝကျွန်းပေါ်က လယ်သမားများ ပျိုးကြဲနေပုံ/ဓာတ်ပုံ- ပေးပို့
အထူးသဖြင့် စိုက်ပျိုးရေးအဓိကလုပ်ကိုင်သည့် ရှမ်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ ဒေသများတွင် အင်တာနက်လိုင်းများ လုံးဝဖြတ်တောက်ခံရခြင်း သို့မဟုတ် အလွန်အမင်းနှေးကွေးခြင်း ပိုအဖြစ်များခဲ့ပြီး သတင်းအချက်အလက်ရယူရန် ခက်ခဲသည့် အခြေအနေရှိနေသည်။
ထို့အပြင် လက်ရှိတွင် တောင်သူများမှာ စစ်ကောင်စီ၏ လျှပ်စစ်မီးကို အားကိုး၍မရသဖြင့် တရုတ်နိုင်ငံထုတ် ဈေးပေါသော ဆိုလာပြားများကိုသာ ကိုယ်ထူကိုယ်ထ အားကိုးနေရသည်။
သို့သော် ထိုဆိုလာပြားများမှာ အခြေခံမီးသီးထွန်းရန်နှင့် ဖုန်းအားသွင်းရန်သာ အနိုင်နိုင်ဖြစ်ပြီး စစ်ခေါင်းဆောင် မျှော်မှန်းသည့် “AI အခြေပြု စမတ်လယ်ယာ” စနစ်အတွက် လုံလောက်သော စွမ်းအင်မဖြစ်နိုင်ပေ။
ကမ္ဘာ့ဘဏ်၏ ၂၀၂၄ အစီရင်ခံစာအရ မြန်မာ့လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းသည် ၂၀၂၁ ခုနှစ် မေလတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ ဆက်တိုက်ကျဆင်းလာခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ကျော်က အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။
“ တောင်သူတွေ လိုအပ်နေတာ AI မဟုတ်ပါဘူး။ ကုန်ဈေးနှုန်းသင့်သင့် နဲ့ အေးအေးချမ်းချမ်း စိုက်ပျိုးစားသောက်နိုင်တဲ့ အခြေအနေပါ၊ မီးကတော့ မွေးကတည်းက မရလို့ မပြောတော့ပါဘူး ” ဟု မြစ်ဝကျွန်းပေါ်က အသက် ၄၇ နှစ်အရွယ် လယ်သမားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
အထူးသဖြင့် စိုက်ပျိုးရေး အဓိကလုပ်ကိုင်သည့် စစ်ကိုင်း၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင် လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသဖြင့် စစ်ကော်မရှင်ဥက္ကဋ္ဌ၏ AI အိပ်မက်သည် ရယ်စရာ ပြက်လုံးတစ်ခုကဲ့သို့ ဒေသခံတောင်သူများအကြား ဝေဖန်မှုများရှိနေသည်။
#အင်တာနက် #လျှပ်စစ်မီးမမှန် #AIဖြင့်ပိုးသတ် #မင်းအောင်လှိုင်ပြော #ThanLwinKhetNews
