သံလွင်ခက်
ဒီဇင်ဘာ ၃၊၂၀၂၄။
စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်မြို့တွင် နိုဝင်ဘာတစ်လအတွင်းပိုင်ရှင်မဲ့ ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိခဲ့သည်ဟု တအာင်းတပ် TNLA က ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်၊
အဆိုပါ ရုပ်အလောင်းများကို မူဆယ်မြို့ရှိ ရပ်ကွက်များ၌လည်းကောင်း၊ တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်တွင်လည်းကောင်း တွေ့ရှိခြင်းဖြစ်သည်ဟု သိရသည်။
ထိုပိုင်ရှင်မဲ့ ရုပ်အလောင်းများသည် မူးယစ်ဆေးဝါးသုံးစွဲထားသူ အများစုဖြစ်ပြီး အချို့ရုပ်အလောင်းမှာ အသတ်ခံထားရသည့် ရုပ်အလောင်းများဖြစ်သည်ဟု TNLA က ဖော်ပြသည်။
မူဆယ်မြို့သည် ရှမ်းမြောက်ဒေသရှိ တစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီး လောင်းကစား၊မူးယစ်ဆေးသုံးစွဲမှု ၊ဓားပြတိုက်မှု၊ ခိုးမှုနှင့် လုယက်မှု ယခင်ထက် ပိုမိုများပြားလာသည်ဟု ဒေသခံများပြောဆိုချက်ကို ကိုးကားပြီး TNLA ကဆိုထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလကလည်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း ၇ လောင်းတွေ့ရှိခဲ့သေးသည် ဟု TNLA ကထုတ်ပြန်ထားသည်။
ပုံစာ-မူဆယ်မြို့အတွင်း တွေ့ရှိခဲ့သည့် ပိုင်ရှင်မဲ့ ရုပ်အလောင်းများမြင်ကွင်း။(PSLF/TNLA)