ခင်သရဖီဦး
ဒီဇင်ဘာ ၂ ၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် ပေါက်တောမြို့နယ်များရှိ စစ်ဘေးရှောင်များအတွက် ဆောင်းရာသီကာလ အရေးပေါ်အနွေးထည်နှင့် စောင်များလိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်များအရေး ကူညီသူများထံမှ သိရသည်။
အဆိုပါစစ်ရှောင်များမှာ အလုပ်အကိုင်ရှားပါးခြင်းနှင့် စားဝတ်နေရေးခက်ခဲများ ရှိနေခြင်းကြောင့် စောင်နှင့် အနွေထည်များ ဝယ်ယူရန် ခက်ခဲနေခြင်းဖြစ်သည်။
“စောင်တွေက လုံလုံလောက်လောက် မရှိဘူး။ ဝယ်ဖို့ကလည်း ပိုက်ဆံမရှိဘူး။ အရင်ကလို စောင်တစ်ထည်ကို ၇,၀၀၀ လောက်နဲ့လည်း မရဘူး။ ၂၀,၀၀၀ လောက်မှ ဆိုတော့ မဝယ်နိုင်ဘူး။ အနွေးထည်လည်း အတူတူပါပဲ စျေးကြီးတာက” ဟု ပေါက်တောမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
ထို့အတူ အမ်းမြို့နယ်တွင် စစ်ဘေးရှောင်များအား အိမ်ထောင်စုတစ်စုလျှင် စောင်တစ်ထည်စီ လှူဒါန်းပေးရန် အလှူငွေတချို့ကောက်ခံနေသော်လည်း အလုံအလောက်မရရှိသေးဟု မြောက်ဦးလူငယ်များအစည်းအရုံးက ပြောသည်။
“အမ်းမြို့ စစ်ဘေးရှောင် ပြည်သူတွေအတွက် စောင်အရေးတကြီးလိုအပ်နေပါတယ်။ အိမ်ထောင်စု တစ်စုကို စောင် ၁ ထည် လှူဖို့ ခန့်မှန်းထားပေမဲ့ စောင် ၃၀၀ သာ ရရှိသေးတဲ့အတွက် ဆက်လက်လှူပေးဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဆိုထားသည်။
ရခိုင်တစ်ပြည်လုံးတွင် စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်အထိ တိုးလာနေပြီး စားနပ်ရိက္ခာအပြင် အစားအစာ၊ ဆေးဝါးနှင့် အနွေးထည်များ အရေးပေါ်လိုအပ်လျက်ရှိနေသည်ဟု သိရသည်။
ဓာတ်ပုံ- မြောက်ဦးလူငယ်များအစည်းအရုံး