သံလွင်ခက်
နိုဝင်ဘာ ၂၇၊ ၂၀၂၄။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုများ ကျူးလွန်သည်ဟူသော အထောက်အထားများရှိသောကြောင့် နိုင်ငံတကာရာဇဝတ်တရားရုံး(International Criminal Court)မှ ရှေ့နေတစ်ဦးက ဖမ်းဝရမ်းထုတ်ရန် အဆိုတင်သွင်းလိုက်သည်ဟု ယနေ့တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်ကို ဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားမှု ဖြစ်လာပြီး အဆိုတင်သွင်းမှု အောင်မြင်သွားလျှင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနောက်ပိုင်း ICC၏ ၆၈ ယောက်မြောက် ဝရမ်းထုတ်ခံရသူ ဖြစ်လာမည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သဖြင့် အဆိုတင်သွင်းမှု အောင်မြင်ရေးနှင့် ဖမ်းဆီးနိုင်ရေးအတွက် လုပ်ငန်းစဉ်များစွာ ကျန်ရှိနေသေးသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲများနှင့် ရိုဟင်ဂျာမဟုတ်သည့် အရပ်သားများ၏ ပံ့ပိုးကူညီမှုဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုကို မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည်ဟူသော အချက်များကို ICC ရှေ့နေ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သတ်ပြီး ၂၀၁၉ခုနှစ်တွင် ဇမ်ဘီယာနိုင်ငံက နိုင်ငံတကာ အစ္စလာမစ်နိုင်ငံများ အဖွဲ့အစည်း(OIC)ကိုယ်စား အပြည်ပြည်ဆိုင်ရာတရားရုံး (International Court Of Jusctice-ICJ)တွင် တရားစွဲဆိုခဲ့ဖူးပြီး အဆိုပါကိစ္စသည် လူတစ်ဦးတစ်ယောက်ကိုမဟုတ်ဘဲ မြန်မာနိုင်ငံကို တရားစွဲဆိုမှုသာ ဖြစ်သည်။
ICC အဖွဲ့ဝင် ၁၂၃နိုင်ငံရှိပြီး ဝရမ်းထုတ်ခံရလျှင် နောက်ဆက်တွဲအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်က အဆိုပါနိုင်ငံများကို အလည်အပတ်ခရီးသွားရောက်လျှင် နိုင်ငံတကာရဲတပ်ဖွဲ့(Interpol) အပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ ဖမ်းဆီးခြင်းကို ခံရနိုင်ခြေ ရှိလာခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်သွားရောက်ခဲ့သည့် တရုတ်နှင့် ရုရှား နိုင်ငံများသည် ICC အဖွဲ့ဝင်နိုင်ငံများမဟုတ်ကြပေ။ ICC စတင်တည်ထောင်ချိန် ၂၀၀၂ခုနှစ်မှစပြီး ဝရမ်းထုတ်ခံရသူ ၆၇ယောက်ရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူ ၃၀ကျော်ရှိသည်။
Photo-CINCDS