ကောင်းချစ်အောင်
နိုဝင်ဘာ ၁၀၊၂၀၂၄။
ခေတ်မီစစ်တပ်တစ်ခုအဖြစ် နိုင်ငံတကာ ရှုမြင်ခဲ့ကြတဲ့ မြန်မာစစ်တပ်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက မောင်းသူမဲ့လေယာဉ်(ဒရုန်း)တွေကို ဝယ်ယူစုဆောင်းထားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီဟာ ဒရုန်းတွေကို စစ်ဆင်ရေးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတာမျိုးမရှိခဲ့ဘဲ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာကျမှ ဒရုန်းတွေရဲ့ အရေးပါပုံကိုသိမြင်လာခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှုံးရမှုရဲ့ သော့ချက်ဟာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတွေကြောင့်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံပြောဆိုခဲ့တာပါ။
အဲဒီနောက်ပိုင်း တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းရန်ကို ကာကွယ်ဖို့ နည်းပညာဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့အပြင် လက်ရှိမှာတော့ ကာကွယ်ရေးအသုံးစရိတ် စံချိန်တင်သုံးစွဲထားတဲ့ စစ်ကောင်စီဟာ ဒရုန်းတွေကို တော်လှန်ရေးတပ်တွေကို ချေမှုန်းရာမှာ အားသာချက်တစ်ခုအဖြစ် အသွင်ပြောင်းလဲဖို့ ကြိုးပမ်းလာနေပါတယ်။
အခုနိုဝင်ဘာလ တရုတ်ခရီးစဉ်အတွင်းမှာလည်း စစ်ခေါင်းဆောင်ဟာ ချုံချင့်မြို့မှာရှိတဲ့ ဒရုန်းစက်ရုံတစ်ခုကို သွားရောက်လေ့လာခဲ့ပြီး ဒရုန်းတွေရဲ့ စွမ်းပကားကို စစ်ဗိုလ်ချုပ်တွေနားလည်လာပြီလို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေးတပ်တွေထက် သာလာမယ့် စစ်ကောင်စီဒရုန်းစွမ်းအား
*******************
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံမှာ စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်က အကြမ်းဖက်အုပ်စုတွေရဲ့ ဒရုန်းတွေသုံးလာမှုဟာ အနာဂတ်အတွက် စိန်ခေါ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီမတိုင်ခင် မင်းအောင်လှိုင်ကလည်း ရှမ်းမြောက်ဒေသမှာ မြို့ ၁၇မြို့ကို သုံးလတာအတွင်း ဆုံးရှုံးခဲ့ရတာဟာ ဒရုန်းပညာရှင် ၆,၅၀၀ ဒရုန်းဗုံးသီး အလုံးရေ ၂၅,၀၀၀ကျော်နဲ့ တိုက်ခံရလို့ဖြစ်တယ်လို့ ဆိုထားပြီးဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေ အသုံးပြုတဲ့ ဒရုန်းတွေဟာ တရုတ်ကုမ္ပဏီတွေက စိုက်ပျိုးရေးအတွက် ထုတ်လုပ်တဲ့ အရပ်ဘက်သုံးဒရုန်းတွေသာဖြစ်ပြီး အဲဒီဒရုန်းတွေ တော်လှန်ရေးတပ်တွေလက်ထဲ နောက်ထပ်မရောက်ရေးကို စစ်ကောင်စီက တိုးမြှင့်လုပ်ဆောင်လာခဲ့တာပါ။
တစ်ဘက်မှာတော့ စစ်ကောင်စီဟာ ဒရုန်းတပ်ဖွဲ့တွေကို ဖွဲ့စည်းဖို့ လျှို့ဝှက်သင်တန်းတွေ စတင်စေခဲ့ကာ ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကတည်းက ကြိုးပမ်းနေခဲ့တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ တန်ပြန်ဒရုန်းစစ်ဆင်ရေးတွေ အောင်မြင်ဖို့ အဓိက ကူညီပေးခဲ့ကြတဲ့နိုင်ငံတွေကတော့ တရုတ်နဲ့ရုရှားတို့ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဗိုလ်ချုပ်ကြီးမိုးအောင်ရဲ့ ရုရှားခရီးစဉ်မှာOrion 2 အမျိုးအစား ဒရုန်းတွေကို သွားရောက်ဝယ်ယူခဲ့ပြီး စက်တင်ဘာလမှာလည်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံပေကျင်းမြို့က စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ဒရုန်းနဲ့ လေကြောင်းသုံး စစ်လက်နက်ပစ္စည်းတွေကို သွားရောက်လေ့လာခဲ့ပါသေးတယ်။
တရုတ်ဟာ မြန်မာစစ်တပ်ကို ဒရုန်းနည်းပညာ အကူအညီပေးနေခဲ့တာ ဆယ်စုနှစ်တစ်ခုစာလောက်ရှိနေပြီ ဖြစ်ပြီး CH3A အမျိုးအစား ဒရုန်းတွေဟာ ၂၀၁၄ ဝန်းကျင်မှာ မြန်မာနိုင်ငံထဲ စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေဟာ ဒရုန်းတိုက်ခိုက်မှု မပြုလုပ်ခင် သိမ်းပိုက်မယ့် စခန်းကုန်းမှာရှိတဲ့ jammer စက် ဒါမှမဟုတ် အဓိက စွမ်းအင်အရင်းအမြစ်ကို လက်နက်ကြီး၊ စနိုက်ပါတွေနဲ့ ဖျက်ဆီးပြီးမှသာ တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။
ဒါပေမယ့် စစ်ကောင်စီမှာရှိတဲ့ ဒရုန်းတွေကတော့ အရပ်ဘက်အဆင့်မဟုတ်ဘဲ နည်းပညာမြင့် စစ်ဘက်သုံး ဒရုန်းတွေဖြစ်နေတဲ့အတွက် တော်လှန်ရေးတပ်တွေအတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်လာနေပါတယ်။
တော်လှန်ရေးတပ်တွေကို အတုခိုးနေသလား
********************
တော်လှန်ရေးတပ်တွေဘက်မှာ သီးသန့်ဒရုန်းတပ်ဖွဲ့တွေ ထားရှိသလို စစ်ကောင်စီဟာလည်း သူတို့ရဲ့ ဗျူဟာဖွဲ့စည်းရာမှာ ဒရုန်းတပ်ဖွဲ့တွေပါဝင်ဖို့ ကြိုးပမ်းလာနေပါတယ်။
စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ လူငယ်တွေထဲက စိတ်ပါဝင်စားပြီး အခြေခံပညာအလယ်တန်းအဆင့်ရှိတဲ့သူတွေကို ဒရုန်းလေ့ကျင့်ရေးသင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်သင်တန်းကျောင်းတချို့မှာ ဒရုန်းနဲ့ ဗုံးကျဲခြင်း၊ ဒရုန်းနဲ့ ကင်းထောက်ခြင်း၊ ဒရုန်းပျံသန်းခြင်း သင်ခန်းစာတွေကို သင်ကြားပေးနေတယ်လို့ဆိုပါတယ်။
လာမယ့် စစ်မှုထမ်းအပတ်စဉ်တွေကျရင် သင်တန်းကျောင်းအားလုံးမှာ သင်ကြားပေးနိုင်အောင်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီးမိုးအောင်ရဲ့ ရုရှားခရီးစဉ်အပြီးကတည်းက ဒရုန်းတပ်ဖွဲ့တစ်ခုကို လျှို့ဝှက် ဖွဲ့စည်းထားပြီး ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦး ကွပ်ကဲနေတယ်လို့ ဆိုပါတယ်။
အရပ်သားမချန် တိုက်ခိုက်လာတဲ့ စစ်ကောင်စီဒရုန်းများ
*************************
တရုတ်နိုင်ငံက မှာယူထားတဲ့ ဒရုန်းတွေနဲ့ မကွေးတိုင်းအတွင်း လက်နက်စက်ရုံတွေက ထုတ်တဲ့ ဗုံးသီးတွေကို တွဲဖက်အသုံးပြုကာ နိုင်ငံအနှံ့ စစ်ဆင်ရေးတွေမှာ ဒရုန်းတွေကို စစ်ကောင်စီက ဆက်တိုက်အသုံးပြုလာပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ကို ဦးတည်တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးမှာ စစ်ကောင်စီက တရုတ်ထုတ် CH-4 ဒရုန်းတွေကို အများဆုံး အသုံးပြုလာပြီးKNU ထိန်းချုပ်နယ်မြေအတွင်းမှာ အရပ်သားသေဆုံးမှုတွေပါ ရှိလာပါတယ်။
ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းမြို့နယ်တချို့တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းကို တွဲဖက်အသုံးပြုမှုတွေဟာာ တော်လှန်ရေးတပ်ဖွဲ့တွေထက် အရပ်သားတွေကို သေကြေပျက်စီးမှု ပိုများလာစေခဲ့ပါတယ်။ စစ်ကောင်စီတပ်လို ဒရုန်းကို ဟန့်တားနိုင်တဲ့ အဆင့်မြင့်နည်းပညာမျိုး တော်လှန်ရေးတပ်တွေဘက်မှာ မရှိသေးတဲ့အတွက် လေယာဉ်ရန်သာမကဘဲ ဒရုန်းရန်ကိုလည်း အထူးသတိပြုနေထိုင်နေကြရတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အထင်ရှားဆုံး ဒရုန်းတိုက်ခိုက်မှုကတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်ကို အောက်တိုဘာလ ၂၂ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံး ၄လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တာပါ။
ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာလည်း တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတဲ့ကြားကနေ View Point တောင်ကုန်းပေါ်မှာ စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့တစ်ခု တပ်စွဲလာတယ်လို့ သိရပါတယ်။