![]()
သံလွင်ခက်/ဧပြီ ၁။ ပုံ – ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီး သွားခဲ့ရသည့် ပီကင်းဈေးအနီးက မြင်ကွင်း။ (ဓာတ်ပုံ – သံလွင်ခက် )
စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ ၅ နှစ်တာကာလအတွင်း ကရင်နီပြည်နယ်နှင့် ကယန်းဒေသ၌ စစ်ဘေးဒဏ်ကြောင့် အရပ်သားပြည်သူ ၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် ၃,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ ၅ နှစ်တာကာလကို ပြန်လည်ပြုစုထားသည့် အဆိုပါမှတ်တမ်းအရ အာဏာသိမ်းစစ်တပ်၏ တိုက်ရိုက်သတ်ဖြတ်မှုနှင့် စစ်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကြောင့် ကရင်နီပြည်နယ်ရှိ အရပ်သားပြည်သူစုစုပေါင်း ၈၆၄ ဦး သေဆုံးခဲ့သည်။
ထို့အပြင် စစ်ကော်မရှင်တပ်များ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူပိုင်နေအိမ် ၃,၂၉၈ လုံးမှာလည်း ပြာပုံအတိ ဖြစ်ခဲ့ရသည်။
PKPF ၏ ထုတ်ပြန်ချက်အရ ၅ နှစ်တာအတွင်း ကရင်နီဒေသ၌ တိုက်ပွဲပေါင်း ၁,၅၆၁ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထို့အပြင် စစ်ကော်မရှင်သည် ကရင်နီပြည်နယ်အတွင်း နယ်မြေပြန်လည်စိုးမိုးရေးအတွက် လေကြောင်းတိုက်ခိုက်မှုကို အဓိကအားပြုခဲ့ရာ ၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၁၄၈ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။
အရပ်သားပြည်သူတို့ အားကိုးရာဖြစ်သော အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် ဘာသာရေးအဆောက်အအုံ ၆၇ ခုအထိ ပါဝင်နေပြီး၊ ကျန်းမာရေးကဏ္ဍအတွက် အရေးပါသည့် ဆေးရုံ၊ ဆေးခန်း ၁၉ ခုအပြင်၊ စာသင်ကျောင်း ၃၂ ခုမှာလည်း စစ်မီးအတွင်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
၅ နှစ်တာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကော်မရှင်ဘက်မှ ၄,၁၁၃ ဦး သေဆုံးခဲ့ပြီး၊ စစ်ဘက်သုံးယာဉ် ၇၀ စီးနှင့် တိုက်လေယာဉ်/ရဟတ်ယာဉ် ၄ စီးတို့ကို တော်လှန်ရေးအင်အားစုများက ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း PKPF က ဆိုသည်။
လက်ရှိအချိန်တွင်လည်း စစ်ကော်မရှင်၏ မတရားဖမ်းဆီးခြင်းခံထားရသည့် ကရင်နီဒေသခံ အရပ်သား ၄၁ ဦး ရှိနေသေးကြောင်း သိရသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ မတ်လ ၃ ရက်နေ့ထုတ် အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ဒေသခံ ၁ သိန်းကျော် စစ်ရှောင်ခဲ့ရသည်။
စစ်ကော်မရှင်သည် ကရင်နီပြည်နယ်အတွင်း အရပ်သားများနေထိုင်ရာ နေရာများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များမှာ နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခံနေရဆဲ ဖြစ်သည်။
#အာဏာသိမ်းကာလ #ကယန်းပြည်သူ #နေအိမ်ထောင်ကျော်ပျက်စီး #ThanLwinKhetNews
