မောင်လှိုင်း
နိုဝင်ဘာ ၇၊၂၀၂၄။
ရှမ်းပြန်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စက်သုံးဆီများပြတ်တောက်လျက်ရှိပြီး အကန့်အသတ်နဲ့သာရောင်းချပေးနေကြောင်း မူဆယ်မြို့ဒေသခံများက ပြောသည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို အောက်တိုဘာလ နောက်ဆုံးအပတ်တွင် စတင်ကန့်သတ်လိုက်ပြီးပြီးနောက် ယခင် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဓာတ်ဆီ တလီတာ ၄၆၀၀ ကျပ်ရှိရာမှ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်နေ့) တွင် တလီတာလျှင် ၁၁,၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်လာခဲ့သည်ဟု မှုဆယ်မြို့တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“အခုကဆီဆိုင်တွေက တန်းစီပြီးစောင့်တာတောင်မှ သုံးဘီးက တသောင်းဖိုး ၊ ဆိုင်ကယ်က ငါးထောင်ဖိုးအဲလိုဘဲပေးတာ ၊ အပြင်ကရောင်းတဲ့ဆီပန့်သေးသေးလေးတွေတောင် အခုတလီတာကို အနည်းဆုံး ၈,၀၀၀ ထောင်ကနေ ၁၁,၀၀၀ ထိရောင်းနေကြတယ် ” ဟု အဆိုပါအမျိုးသားက ပြောသည်။
ဆင်ဖြူဂိတ်နှင့် ရွေနန်းတော်ဂိတ်မှ မူဆယ်မြို့သို့သယ်ယူနေသည့် ကုန်ပစ္စည်းများအား အောက်တိုဘာလ ၂၂ ရက်နေ့နံနက်အစောပိုင်းမှ စတင်ကာ တရုတ်နိုင်ငံမှ ကန့်သတ်လိုက်ခြင်းဖြစ်သည်။
“ခုကြတော့ ဒီဆီဆိုင်က ပေးမှာမပေးဘူးလားမသိဘူး။ ညကတည်းကစောင့်ကြတာပေါ့ မနက်ကြတော့ သူတို့ကမပေးရင်လည်း ဒုက္ခရောက်တာဘဲ။ သွားပြီးတော့ ညအိပ်တန်းစီရင်တောင်မှ ၃ သောင်း ၁ သောင်းဖိုးဘဲ ရတယ်။ ကိုယ့်အလှည့်ရောက်ရင် ကုန်သွားပြီလို့လုပ်တာ ။ အခုကကြတော့ တချို့ဆီဆိုင်တွေဆိုပိတ်ကုန်ကြပြီ ၊ ဆီကုန်နေသည်ဆိုတဲ့ဆိုင်းဘုတ်ကြီးရေးပြီးတော့ တချို့ဆိုင်တွေပိတ်ထားကြတယ်” ဟု မူဆယ်ဒေသခံအမျိုးသားတဦးက ပြောသည်။
ယင်းအပြင် မူဆယ်မြို့တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဆိုလာပြား၊ ဘတ်ထရီ ၊ မီးသီး၊ စောင်၊ စက်သုံးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများလည်း ဝယ်ယူရ ခက်ခဲခြင်းများရှိခဲ့သည်။
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်နှင့် ရွှေနန်းတော်များအပြင် မိုင်းလား – တာလော့နယ်စပ်ဂိတ်ကိုလည်း တရုတ်ကပိတ်သိမ်းခဲ့သည်။