သံလွင်ခက်
နိုဝင်ဘာ ၃၊ ၂၀၂၄။
European Civil Protection and Humanitarian Aid Operations (ECHO) – ဥရောပ အရပ်ဘက်ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူးရုံးမှ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် – WFP ကို ပေးအပ်သည့် ရန်ပုံငွေကို WFP သည် မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
ECHO သည် မြန်မာနိုင်ငံအတွက် WFP ကို ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၃ သန်း (မြန်မာငွေ သန်းပေါင်း ၅၇,၀၀ ကျော်) ခန့်ကို တိုးမြှင့်ထောက်ပံ့ခဲ့သည်ဟု အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု အန္တရာယ်မှာ စိုးရိမ်ဖွယ်အဆင့်သို့ ရောက်ရှိလာသည့်အတွက် ရန်ပုံငွေ တိုးမြှင့်ထောက်ပံ့ခြင်း ဖြစ်ပြီး ထိုထောက်ပံ့ငွေများကို လိုအပ်နေသူများထံ တိုက်ရိုက်ရောက်ရှိစေရန် သေချာစေရေးအတွက် WFP က အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ၁၂ ခုတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး လူဦးရေ စုစုပေါင်း ၁၇၂ ဦး သေဆုံးခဲ့ရကာ လူဦးရေ ၂ သန်းခန့်မှာ ယာယီနေရာ ရွှေ့ပြောင်းခဲ့ရပြီး လယ်ယာမြေ တစ်သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု WFP က ဆိုသည်။
ထိုထဲမှ လူဦးရေ ၄ သိန်းခွဲခန့်မှာ စားနပ်ရိက္ခာအထောက်အပံ့များ လိုအပ်နေသဖြင့် ECHO မှ ရရှိသည့် ရန်ပုံငွေများသည် ရေကြီးရေလျှံမှုဒဏ်ကို ခံစားရသူများအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီများ ပေးအပ်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် – WFP က
မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နှင့် ရာသီဥတုပြောင်းလဲမှုများ ကြုံတွေ့ရသည့်အပြင် ငွေကြေးဖောင်းပွမှုများပါ ကြုံတွေ့နေရသဖြင့် စားနပ်ရိက္ခာဖူလုံမှုမှာ စိုးရိမ်ဖွယ် အန္တရာယ်ဖြစ်နေပြီး အကူအညီ လိုအပ်နေသူ စုစုပေါင်း လူဦးရေ ၆ သိန်း ကျော် ရှိသည်ဟု ဆိုသည်။
ထို့ပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် က ဒေသခံ ၂ သိန်းခန့်မှာ တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာတိမ်းရှောင်နေကြရပြီး မြန်မာနိုင်ငံ၏ အခြေခံစားသောက်ကုန်များ၏ စျေးနှုန်းသည်လည်း ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ပြည်တွင်းမှ ပြည်ပသို့ ထွက်ခွာသူ ၃.၄ သန်းခန့်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – ယခုနှစ် စက်တင်ဘာလက ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသည့် ကရင်နီဒေသခံများ