သံလွင်ခက်။
နိုဝင်ဘာ ၃၊ ၂၀၂၄။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းမှ ဆုတ်ခွါသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းရာ နိုဝင်ဘာလ(၃)ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု BPLA က ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ပြီးတပ်ခွဲမှူးအဆင့် ဗိုလ်ကြီး(၃)ဦးအပါအဝင် စစ်သုံ့ပန်း(၁၇)ဦးတို့ကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲတွင် BPLA ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိခဲ့သည်ဟု BPLA ကထုတ်ပြန်ထားသည်။
အဆိုပါ ခေါပုတ်စခန်းကို ပူးပေါင်းတပ်များက အောက်တိုဘာ ၂၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပူးပေါင်းတပ်များက လိုက်လံရှင်းလင်းနေခြင်းဖြစ်သည်။
photo- BPLA