မောင်ဘဦး
အောက်တိုဘာ ၂၀၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲသို့ မုံရွာမြို့အခြေစိုက် နမခတပ် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၆ ရွာမှ ဒေသခံ တစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများလိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးဒုက္ခသည်များ အရေးကူညီသူတချို့ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်မှစတင်ကာ အင်အား ၈၀ ခန့်ရှိသည့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ)မှ ဘုတလင်မြို့နယ်ထဲသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ တက်လှိုင်း၊ ပဲပြစ်တော၊ မြောက်ကျီ၊ ရွာရှည်၊ စီပါ၊ ကျို့ကုန်း၊ ငပုယင်း၊ ကြွက်သေချောင်း၊ မောင်းထောင်၊ ဆယ်ဝ၊ သပြေပင်၊ ရှမ်းတဲ၊ရွာသာ၊ ဖျောက်ဆိတ်ကုန်း၊ ညောင်ကန်နှင့် စိုင်ပြင်လေးစသည့် ကျေးရွာမှ ဒေသခံများထွက်ပြေးနေကြရသည်။
“ဒေသတွင်း စစ်ကြောင်းထိုးမှုကြောင့် ပြည်သူတသောင်းကျော် စစ်ဘေးရှောင်နေရပါတယ်။ စားနပ်ရိက္ခာ၊ အမိုး အကာ၊ ဆေးဝါး စတဲ့အကူညီတွေလိုအပ်နေပါတယ်” ဟု ဘုတလင်မြို့နယ်၊ စစ်ဘေးဒုက္ခသည်များအရေးကူညီပေးနေသူ မခင်ဝတီက သံလွင်ခက်ကို ပြောသည်။
ယင်း နမခတပ်စစ်ကြောင်း တစ်လျောက်တွင် ဒေသခံ ၁၀ ထက်မနည်းသတ်ဖြတ်ကာ လူသားဒိုင်းအဖြစ် ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးခြင်းနှင့် ကျေးရွာလူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
ပုံစာ- ဘုတလင်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်များကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့