သံလွင်ခက်
စက်တင်ဘာ ၁၆၊ ၂၀၂၄။
ယခုရက်သတ္တပတ်အတွင်း ရေကြီးမှုဒဏ်ကိုခံစားခဲ့ရသည့်မြို့နယ်များတွင် စစ်ကောင်စီမှ နိုင်ငံတော် အဆင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဟု လူမှုကူညီရေးအသင်းများက ထောက်ပြကြသည်။
အထူးသဖြင့် စစ်ကောင်စီသည် ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံတော်ရသုံးမှန်းချေငွေစာရင်းတွင် လူမှုဝန်ထမ်းနှင့် ကူညီကယ်ဆယ်ရေးဝန်ကြီးဌာနအတွက် အသုံးပြုငွေမှာ တစ်နိုင်ငံလုံးဘက်ဂျတ်၏ ၀.၄၁ ရာခိုင်နှုန်းသာရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနက ၂၈.၂၃ ရာခိုင်နှုန်းဖြင့် အများဆုံးအသုံးပြုထားသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်ဘတ်ဂျတ်နှင့် နှိုင်းယှဉ်လျှင် ၀.၁၁ ရာခိုင်နှုန်းနည်းသွားပြီး ကာကွယ်ရေးဘတ်ဂျတ်မှာ ၈ ရာခိုင်နှုန်းနီးပါး တိုးလာသည်ကိုတွေ့ရသည်။
ယခုနှစ် ပထမရေကြီးကာလတွင် မိုးရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ပြည်သူသိန်းချီရေဘေးသင့်ခဲ့ရသည်။
“အဓိကကတော့ ကယ်ဆယ်ရေးအင်အား၊ ကယ်ဆယ်ရေးပစ္စည်းမလုံလောက်မှုပေါ့။ ရှင်းရှင်းပြော ရ ရင်တော့ လူ ၁၀,၀၀ လောက်ကို လှေတစ်စီးပဲရှိတဲ့သဘော။ ကယ်ဆယ်ရေး လှေမလုံလောက်တော့ အချိန်မှီကယ်ဆယ်ဖို့မနိုင်တဲ့အခါကျတော့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးတာရှိတာပေါ့” ဟု လူမှုကူညီရေးအသင်းတာဝန်ခံတစ်ဦးက ပြောသည်။
လက်တလော ရာဂီဆိုင်ဂလုန်းမုန်တိုင်း၏အကြွင်းအကျန်တိမ်တိုက်များကြောင့် ရှမ်းပြည်နယ်အရှေ့ ပိုင်းနှင့် တောင်ပိုင်းရှိတောင်ပေါ်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်တပြတ်ရေကြီးရေလျှံ မှုများဖြစ်ပေါ်ကာ နေပြည်တော်ကောင်စီအပါအဝင် ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေပိုင်း ရှိမြို့နယ်အချို့တွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
“တချို့အနေအထားတွေဆိုရင် လေယာဉ်နဲ့တောင်ခေါ်ထုတ်ရမယ့်အနေအထား ဒါမျိုးတွေလုပ်ရမယ့် အနေအထားမှာ သာမန်လှေလောက်နဲ့ ကူညီရတာဆိုတော့ အချိန်ကုန်ပြီးတော့ သိပ်ခရီးမတွင်ဘူး။ အဲ့ဒါ ကြောင့်မသေသင့်ပဲ သေကြရတာပေါ့’’ ဟု လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ထောက်ပြသည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ မြို့နယ် ၃၄ မြို့နယ်တွင် လူဦးရေ ၂ သိန်းကျော် ရေဘေးသင့်ခဲ့ရသည်။
သို့သော် ယခုရေကြီးမှုဖြစ်စဥ်သည် ရေအလျင်အမြန်တက်လာသည့်အတွက် ထိခိုက်ပျက်စီးမှုများ ပို များနိုင်သည်ဟု အမည်မဖော်လိုသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ဦး ကဆိုသည်။
‘‘လျှပ်တပြက်ရေကြီးခြင်းဟာ တကယ်ကို မြစ်နားကမ်းနားမဟုတ်ဘဲနဲ့ ဖြစ်လေ့မရှိတဲ့နေရာတွေက ထိ ခိုက်ခံစားလိုက်ရတယ်။ ရိုးရိုးသာမန်ရေကြီးတာမဟုတ်ပဲနဲ့ ရုတ်တရက်ဆိုတော့ ထိခိုက်ဆုံးရှံးမှုအများ ကြီးဖြစ်သွားရတယ်” ဟု ၎င်းက ဆိုသည်။
ဓာတ်ပုံ- KTY