ထွယ်
စက်တင်ဘာ ၁၆၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဌက်ပျောတောရပ်ကွက်ရှိ ကြိုးတံတားလမ်းဆုံအနီးတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားနှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့တစ်နေ့တည်းတွင် ဌက်ပျောတောရပ်ကွက်အပြင် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စုရှိ ဆန်း ကြွယ်မှော်တောင်းနှင့် ဖားပြင်တွင်လည်း လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖားကန့်မြို့ ဒေသခံများထံက သိရသည်။ သို့သော် မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို မသိရှိရသေးပေ။
သေဆုံးသူအမျိုးသား နှစ်ဦးတွင် အသက် ၂၀ အရွယ်ဝန်းကျင်နှင့် အသက် ၅၀ အရွယ်ဝန်းကျင်တို့ဖြစ်ပြီး အသက် ၅၀ အရွယ်အမျိုးသားကို သင်္ဂြုဟ်ရန်ပြင်ဆင်လျက်ရှိပြီဖြစ်သည်ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူနှင့် နီးစပ်သူဒေသခံအမျိုးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“လူကြီးက ဆေးသမားမို့ ပိုင်ရှင်ပေါ်မှာမဟုတ်လို့ သင်္ဂြုဟ်ဖို့ပြင်နေပါပြီ။ လူငယ်ကတော့ သူ့ဖုန်းနဲ့ဆိုင် ကယ်ကိုထိန်းသိမ်းထားပြီး ပိုင်ရှင်မသိရသေးပါဘူး၊ သူ့ဖုန်း password ကလည်း ဖွင့်မရတော့ သူ့မိဘတွေကို အကြောင်းမကြားနိုင်သေးဘူး” ဟုပြောသည်။
လက်နက်ကြီးစထိမှန်ခဲ့သည့် ပြည်သူ ငါးဦးကို ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်မှစပြီး ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် ကချင်လွတ်မြောက် ရေးတပ်မတော်- KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဖားကန့်ဗျူဟာကုန်းမှ ဆိုင်းတောင်ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံများ၏အခြေအနေကို သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပုံ – TLM