သံလွင်ခက်
စက်တင်ဘာ ၁၁ ၊ ၂၀၂၄။
နေပြည်တော်၊ တပ်ကုန်းမြို့၏အရှေ့ဘက် နဝင်းချောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၀ ခန့် ရေနစ်မြုပ်နေပြီး ကူညီမှုများ လိုအပ်နေသည်ဟု ဒေသခံများထံက သိရသည်။
ယခုရက်သတ္တအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆင်သေဆည်မှ ရေလွှတ်ချခြင်း၊ တောင်ကျချောင်းရေများ ကြောင့် ယနေ့နံနက် ၄ နာရီမှစပြီး ရုတ်တရက်ရေကြီးရေလျှံနေခြင်းဖြစ်သည်ဟု တပ်ကုန်းဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
“ ရေကြီးတာက မနက်ခင်း ၄ နာရီလောက်နေစကြီးတာ ၁ နာရီလောက်အတွင်းမှာပဲ အောက်ထပ် လှေခါးကနေ အပေါ် ထပ်မြုပ်သွားတာ။ ရေကတအားသန်တော့ ထွက်ချိန်မမှီဘူး ကျွန်တော်မိသားစုဆို နှစ်ယောက်ပဲ ထွက်ချိန်ရလိုက်တယ် ကျန်တဲ့မိသားစုတွေအိမ်မှာပဲ ကျန်နေခဲ့လိုက်တာ သွားလည်းမကယ်ရဲကြဘူး ထိုင်ကြည့်နေရတဲ့ အနေထားဖြစ်နေတာပေါ့ ” ဟု ၎င်းက ဆိုသည်။
ရေဘေးကြုံတွေ့နေရသည့် ဒေသခံထောင်ချီမှာ လတ်တလောတွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကူညီမှုများလိုအပ် လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံတစ်ဦးက “ကျွန်တော်တို့ဘက်က လှေတွေမရှိဘူး ကယ်ဆယ်ရေးအဖွဲ့တွေကလည်း မီးသတ်အဖွဲ့တွေပဲရှိတာ မီးသတ်တပ်ဖွဲ့တွေကလည်း လှေမပါတော့ မသွားရဲဘူး။ နေပြည်တော်ကနေ လာကယ်တဲ့အဖွဲ့တွေကလည်း ကင်းသာ ကနေဆက်ပြီးမသွားရဲဘူးဖြစ်နေတာ” ဟု ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနမှ ယခုရက်သတ္တပတ်အတွင်း နေပြည်တော်အပါအဝင် ပြည်နှင့်တိုင်းတို့တွင် မိုးထစ်ချုန်းရွာနိုင်သည်ဟု ခန့်မှန်းထားသည်။