မောင်ဘဦး
စက်တင်ဘာ ၁၁၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က စစ်ဘေးရှောင်အမျိုးသား ၃ ဦးကို မဒေါင်းကြီးရွာအနီးတွင် ဖမ်းဆီးသတ်ခဲ့သည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းတွင် အင်းအာ ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်သည် ဂျပို့၊ ပေါက်သင့်တုံနှင့် စည်ပုတ္တရာရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် မဒေါင်းကြီးရွာအနီးတွင် စစ်ဘေးရှောင်လာသည့် လူလတ်ပိုင်း အမျိုးသား ၃ ဦးကို ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
“စစ်ကြောင်းက မဒေါင်းကြီးရွာနားမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူသုံးဦးကို ဖမ်းဆီးပြီးတော့ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ။ အခုတော့ စစ်ကြောင်းက မဒေါင်းလှရွာပျူစခန်းကို ပြန်ဝင်သွားပြီ” ဟု ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တဦးက ပြောသည်။
မဒေါင်းကြီးကျေးရွာသည် စစ်ကောင်စီပူးပေါင်းတပ်အထိုင်ချထားသည့် မဒေါင်းလှရွာ၏အနောက်ဘက် ၁ မိုင်ကျော်အကွာတွင်တည်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
လတ်တလောတွင် ခင်ဦးမြို့နယ်မြောက်ဘက်ရှိ ငကြိုင်း၊ ဖန်းခါးကုန်း၊ စောကြီး၊ တဲကြီး၊ အင်ကြင်းပင်၊ သနပ်စိန်၊ ပေါက်တော၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ဂျပို့၊ ပေါက်သင့်တုံ၊ စည်ပုတ္တရာစသည့် ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံသောင်းချီမှာ စစ်ဘေးရှောင်နေကြရသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။
မဒေါင်းလှကျေးရွာတွင် တပ်စွဲထားသည့် ပျူစောထီးတပ်ဖွဲ့ဝင်များသည် ကန့်ဘလူနယ်မှ မ.ဘ.သကိုယ်တော်တစ်ပါးဖြစ်သည့် ဦးဝါသဝ၏အစုအဖွဲ့များဖြစ် ပြီး ယခုလ ၁ ရက်နေ့မှ ခင်ဦးမြို့နယ်ထဲသို့ရောက်ရှိလာပြီး ကျေးရွာ ၁၃ ရွာကို မီးရှို့ဖျက်ဆီးထားသည်။