ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်းတွင် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် ဈေးဆိုင်အချိူ့ပိတ်ထားသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများထိတ်လန့်နေကြပြီး ယနေ့မှာ နမ့်ခမ်းဈေးနေ့ဖြစ် သော်လည်း ဈေးဆိုင်များ ပိတ်ထားကြသည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဒီမနက်ကတော့ ဈေးဆိုင်တော်တော်များများပိတ်ထားတယ်ပေါ့နော်။ ဒီနေ့က နမ့်ခမ်းဈေးနေ့လည်း ဖြစ်တယ်ပေါ့။ တောင်ပေါ်မှာကျ ဈေးနေ့က ငါးရက်တစ်ဈေးဆိုတာရှိတာကိုး။ ဈေးမှာတော့ ဆိုင်တွေမဖွင့်သလောက်နည်းပါးသွားတာပေါ့” ဟု ပြောသည်။
ယနေ့နံနက် ၁ နာရီခွဲခန့်တွင် စစ်ကောင်စီက နမ့်ခမ်းမြို့ကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးလာ ရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
လက်ရှိတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA က မြို့တွင်း လုံခြုံရေးယူပေး ထားပြီး ပျက်ဆီးသွားသည့် မီးလိုင်းများကို ပြန်လည်ပြုပြင်ပေးနေသည်ဟု ၎င်းကဆက်ပြောသည်။
သေဆုံးသူများကို နမ့်ခမ်းမြို့ပရဟိတအသင်းများမှ မီးသင်္ဂြုဟ်ရန် ကူညီဆောင်ရွက်ပေးနေပြီး ဒဏ်ရာရ ရှိသူများကိုလည်း နမ့်ခမ်းမြို့မဆေးရုံသို့ပို့ဆောင်ပေးထားသည်ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးထံက သိရသည်။
ဓာတ်ပုံ- PSLF/TNLA၊ Mai Yai Aye