သံလွင်ခက်
ဇူလိုင် ၂၅၊ ၂၀၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLAမှ ယမန်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ စစ်သုံ့ပန်း ၃၀ ကျော်နှင့် လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟု PSLF/TNLA မှထုတ်ပြန်သည်။
စစ်ကောင်စီ၏ လပခ၊ ခလရ – ၇၈၊ ၈၈၊ ၁၄၈၊ ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၂၄ ရက်နေ့ ညနေ ၅ နာရီတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ လက်နက်ခဲယမ်းများဖြစ်သည့် အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၃) လက်၊ ၁၂၀ မမ (၂) လက်၊ ၆၀ မမ (၁၁) လက်၊ ၈၁ မမ (၁)လက်၊ ငါးကြင်းမီး (၃) လက်၊ ပွိုင့်ဖိုက် (၁) လက်၊ RPG (၂) လက်၊ ဂျမ်းဘာ (၁) စုံ၊ ၄ လုံးတွဲဒုံး (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရရှိခဲ့သည်ဟုထုတ်ပြန်သည်။
မိုးကုတ်အရှေ့ပိုင်းရှိ မန်တိုင် (၅) တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ဂျက်ဖိုက်တာ ၂၁ ကြိမ်၊ Y-12 လေယာဥ် ၉ ကြိမ်၊ လက်နက်ကြီးဖြင့် ၇၈ ကြိမ်နှင့် အတွဲလိုက်ဒုံး ၁၈ လုံးတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီမှ အရပ်သားနေရာများကို တိုက်ခိုက်ခဲ့သောကြောင့် မိုးကုတ်ဒေသခံ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၈ ဦး၊ ကလေး ၉ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း ၄ ကျောင်းနှင့် လူနေအိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့သည် ဖော်ပြသည်။
TNLA မှ မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ ၃၀ ရက်တွင် ရှင်းလင်းသိမ်းပိုက်ခဲ့သည်။
ဓာတ်ပုံ- PSLF/ TNLA