သံလွင်ခက်
ဇူလိုင် ၂၃၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်နောင်ချိုမြို့တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇူလိုင်လ ၁၉ ရက်မှ ၂၂ ရက်အထိ လေးရက်အတွင်း အရပ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် ကျောက်မဲမြို့၊ အင်ကြင်းတောင်အထက်တွင် စစ်ကောင်စီပစ်လိုက်သည့် လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၅ ဦး ထိမှန်သေဆုံးခဲ့ပြီး စာသင်ကျောင်းနှင့် အရပ်သားနေအိမ်များ ပျက်စီးခဲ့သည်ဟု သိရသည်။
ဇူလိုင် ၂၀ ရက်က ကျောက်မဲမြို့၌ ညနေ ၆ နာရီခွဲအချိန်တွင် ဆိုင်ကယ်နှစ်စီးဖြင့် မောင်းနှင်လာသည့် ဒေသခံ ၄ ဦး ကို ဂိတ်စောင့်နေသည့် စစ်ကောင်စီတပ်မှ တားဆီးမေးမြန်းချင်းမရှိဘဲပစ်ခတ်ခဲ့ရာ နေရာမှာတင်သေဆုံးသွားခဲ့ပြီး ၎င်း တို့၏ရုပ်အလောင်းများကို အခင်းဖြစ်ရာလမ်းဘေးတွင် စုံပုံပစ်ထားခဲ့သည်ဟု သိရသည်။
ဇူလိုင် ၂၁ ရက်တွင် ကျောက်မဲမြို့၊ နမ်တုံရပ်နှင့် ရပ်ကွက် ၈တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကာ အရပ်သား အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ဇူလိုင် ၂၂ ရက်က ကျောက်မဲမြို့ နမ့်ဟူးတောင်း အထက်ကျေးရွာတွင် စစ်ကောင်စီ၏လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကာ ကလေး ၁ ဦးအပါအဝင် အရပ်သား ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။
နောင်ချိုမြို့၊ ရွှေပြည်လမ်းအနီးတွင်လည်း စစ်ကောင်စီ၏လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ရှောက်ခြုံကျေးရွာနှင့် ကံကြီးကျေးရွာတို့တွင် အရပ်သား ၃ ဦးသေဆုံးကာနေ အိမ် ၃ လုံး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်း ၂၈ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်မှ အရပ်သားနေရာများသို့ လေကြောင်း နှင့် လက်နက်ကြီးများပစ်ခတ်ခဲ့သည့်အတွက် အရပ်သား ၁၀၉ ဦးသေဆုံးကာ ၁၃၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဓာတ်ပုံ- PSLF/ TNLA