ပန်ပန်
ဇူလိုင် ၁၈၊ ၂၀၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အမြောက်ကုန်း (ခေါ်) စွယ်တော်ကုန်းတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ညတွင် စွယ်တော်ကုန်းကို သွားရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ ဟုတ်တယ်လေ။ အခုရက်ထဲပဲ သွားကြဲတာလေ” ဟု ဆိုသည်။
ယင်းစွယ်တော်ကုန်းတပ်စခန်းသည် စစ်ရေးဗျူဟာအရ အချက်အချာကျသည့် စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်က လက်ခက်တောင်သိမ်းတိုက်ပွဲ၊ ဖလူးစခန်းသိမ်းတိုက်ပွဲ၊ ရေကန်ကုန်းစခန်းသိမ်းတိုက်ပွဲနှင့် စုကလိထစခန်းသိမ်းတိုက်ပွဲတို့တွင် အမြောက်လက်နက်ဖြင့် ပစ်ကူမှုများရှိခဲ့သည်။
ယခု ရက်ပိုင်းတွင်လည်း ယင်းစခန်းကုန်းမှ အနီးနားရှိ ကျေးရွာများအတွင်းသို့ အမြောက်လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိသည်။
“စွယ်တော်ကုန်းစခန်းကျသွားရင် အပေါ်ဘက်ခြမ်းကလူတွေ မျှော်လင့်ချက် သိပ် မရှိတော့ဘူး။ စွယ်တော်ကုန်း စခန်း ကျသွားရင် ဒါက အကုန်လုံးဖြတ်တောက်ပြီးသားပဲလေ။ တပ်မဟာ ၆ အပေါ် တကျောကလည်း စစ်ရေးအနိုင်အရှုံးနဲ့ ပတ်သက်မှုရှိနေတယ်ပေါ့။ ဒါကသူတို့ဘက်ကပါ။ ကျွန်တော်တို့ဘက်ကတော့ စိုးမိုးနေရာပိုကျယ်သွားမယ်” ဟု သံလွင်ခက်၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်တွင်လည်း စွယ်တော်ကုန်းတပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး မင်းလက်ပံရွာ ထိပ်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်- DKBA တပ်ဖွဲ့ဝင်များ၏ ခြံဝင်းထဲသို့ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ သည်။
ဓါတ်ပုံ- Federal Wings