စကားမောင်
ဇူလိုင် ၁၈၊ ၂၀၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် တိုက်ပွဲများကြား ဒေသခံများပိတ်မိနေသည်မှာ ၂၃ ရက်ကြာမြင့်နေပြီး စားဝတ်နေရေး များပိုကျပ်တည်းလာနေသည်ဟု ဒေသခံများထံက သိရသည်။
မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ ဒေသခံများအကြား အဆက်အသွယ်ပြတ်တောက်နေသည့်အပြင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည့်အတွက် စားနပ်ရိက္ခရှားပါးနေပြီး စက်သုံးဆီများဈေးမြင့်တက်ကာ ဝယ်ယူရန်အလွန်ခက်ခဲနေခြင်းဖြစ် သည်။
“ဒီမှာရှိနေတဲ့လူ အကုန်လုံးကလည်း လမ်းပြန်ဖွင့်ပေးဖို့ပဲ တောင်းဆိုနေတာဗျ။ တိုက်ပွဲဖြစ်ရင်လည်း ကြိုက်သလိုဖြစ်။ ဒါပေမယ့် ပြည်သူတွေထွက်ဖို့ရာ လမ်းလေးတစ်လမ်းလောက်ဖွင့်ပေးပေါ့။ အခုမိုးကုတ်မှာကြတော့ အကုန်လုံးက ပိတ်ထားတာ။ ဘယ်လမ်းမှ ထွက်မရဘူး အကုန်လုံးကဒီမြို့ထဲမှာ ပိတ်မိနေတာ”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် တအာင်းတပ်မတော် TNLA က မိုးကုတ်မြို့ အနောက်ပိုင်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မိုးကုတ်မြို့အရှေ့ပိုင်းနှင့် မိုးကုတ်- မန္တလေး လမ်းပိုင်းများကို စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ- ၁၄၈တပ်ဖွဲ့ဝင် များက ပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
“ဘယ်မှရှောင်မရ အလုပ်လည်းမရှိတော့ဘူး။ ဒီကလူတွေက ဝင်ငွေရော၊ စားစရာတွေရော၊ ဆီတွေရော အကုန်ပျက်။ ဆိုင်တွေလည်းပိတ်တာများတယ်။ မနက်ခင်းအစောပိုင်းလေးပဲ ဈေးခဏဖွင့်လို့ လူစည်တယ်။ လက်နက်ကြီးအသံတွေ ကြားနေရလဲ လူတွေကမနေနိုင်တော့ဘူး ထွက်လာကြတယ်” ဟု မိုးကုတ်မြို့ရှိ အမျိုးသားတစ်ဦးကပြောသည်။
ယခုအခါ မိုင်တဲလ်ဖုန်းကဒ်တစ်ကဒ်လျှင် ၆၀,၀၀၀ ကျပ်အထက်နှင့် အိုးရှင်းဝေ့ဖ်ဝိုင်ဖိုင် အခကြေးငွေမှာ နှစ်ဆပေး ဆောင်နေရသော်လည်း ရံဖန်ရံခါမှာသာ အသုံးပြု၍ရသည်ဟု သိရသည်။
ယခုအခါ မြို့တွင်း မိုးကုတ်မြို့၏ ခန့်မှန်း လူဦးရေ သုံးပုံနှစ်ပုံခန့် ကျန်ရှိနေပြီး ယမန်နေ့ညနှင့် ယနေ့မနက်မှ နေ့လည် အချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။
မိုးကုတ်မြို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့်အတူ ဇွန်လ ၂၅ရက်မှစ၍ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်- TNLA ဦးဆောင်သည့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများပြင်းထန်လျှက်ရှိနေသည်။
ဓာတ်ပုံ- ဖေ့စ်ဘွတ်ခ်