ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ယနေ့ အောက်တိုဘာ ၂၆ရက် နေ့လည် ၁နာရီဝန်းကျင်တွင် ဗန်းဗော်မြို့နှင့် ၅ မိုင်ခန့်အကွာ မံခွန်ရွာနားအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ် တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်းသို့ ဗန်းမော်မြို့ရှိ ၂ မိုင် စစ်ကောင်စီ အမြှောက်တပ်စခန်းနှင့် ၃မိုင် သံချပ်ကာတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ၅ မိုင် မံခွန်ရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
” ကျွန်မတို့ရွာက အမျိုးသမီးတစ်ယောက် လယ်လုပ်နေရင်းနဲ့ လက်နက်ကြီး ထိပြီးသေသွားတယ် ” ဟုဆိုသည်။
ထိုတိုက်ပွဲကြောင့် ၅ မိုင် မံခွန်ရွာရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထို့အပြင် လက်နက်ကြီးပစ်ခတ်သံများကြောင့် ဗန်းမော်မြို့ပေါ်ရှိ ပြည်သူများလည်း ထိတ်လန့်နေကြသည်ဟု သိရသည်။
ဒေသခံတစ်ဦးက ” အခုကျောင်းတွေမှာ မိဘတွေက သူတို့ ကလေးတွေကို အပြေးအလွှား လာကြိုနေကြတယ် လက်နက်ကြီးသံတွေကြားတော့ ” ဟုဆိုသည်။
ပြီးခဲ့သည့် ရက်အတွင်းကစပြီး ယနေ့အချိန်ထိ ဗန်းမော်မြို့နှင့် မိုးမောက်မြို့နယ်ကြားရှိ လုံဟော်ကျေးရွာဘက်တွင်လည်း တိုက်ပွဲများ ဆက်တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။