စစ်တပ်ကို ပူးပေါင်းဆန့်ကျင်တော်လှန်ရန် KNU ဥက္ကဋ္ဌတိုက်တွန်း
*******************************
နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက စစ်ကောင်စီစစ်တပ်ကို ပူးပေါင်း ဆန့်ကျင်တော်လှန်ရန်လိုအပ်သည်ဟု ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကေအဲန်ယူဗဟိုကတဆင့် ရုပ်သံဖြင့် ပြည်သူများကိုပြောကြားခဲ့သည်။
စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်သည့်အပေါ် ပြည်သူများအခက်အခဲနှင့် ရင်ဆိုင်နေရချိန် တွင် ၎င်းတို့နှင့်အတူ ပူးပေါင်းဖြေရှင်းရန်လိုအပ်သည်ဟု ၎င်းကဆိုသည်။
ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက “ ဒီဥပဒေတစ်ရပ်ကို အတည်ပြုလုပ်ဆောင်တာကတော့ လက်ရှိ လူငယ်တွေ အပေါ်မှာကော၊ အိမ်ထောင်သည်မိသားစုတွေမှာကော၊ သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝ အပေါ် များစွာအခက်အခဲတွေ ကြုံတွေ့လာရတဲ့အတွက် ကျွန်တော်တို့နဲ့အတူရှိပြီး ဆန့်ကျင်တော်လှန်ဖို့လိုအပ် ပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ယခု ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် ဖေဖော် ဝါရီလ ၁၃ ရက်၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုကို ဖွဲ့စည်းခဲ့သည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကိုအသက်သွင်းရန် တရားဝင်မှုမရှိသကဲ့သို့ ကေအဲန်ယူအနေဖြင့် ဆန့်ကျင် ကန့်ကွက်ကြောင့် ဖေဖော်ဝါရီ ၁၉ ရက်တွင်သဘောထားထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်စာတွင် “ ဂုဏ်သိက္ခာရှိတဲ့ ဆန္ဒအလျောက်ပါဝင်သင့်သော ပြည်သူ့စစ်မှုထမ်းဥပဒေလို ဥပဒေတွေကို အသက်ဝင်ကြောင်းအတည်ပြုသတ်မှတ်ဖို့အတွက် စစ်ကောင်စီမှာတရားဝင်မှုမရှိပါ။ ဒီဥပဒေက တစ်နိုင်ငံလုံးကို စစ်နွံထဲနက်ရှိုင်းစွာကျရောက်ဖို့ လုပ်ဆောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်အာဏာရှင် သက်ဆိုးရှည်စေတဲ့လုပ်ရပ်ဖြစ် တဲ့အတွက် ကေအဲန်ယူက ဆန့်ကျင်ကန့်ကွက်တယ်” ဟု ပါရှိသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး အစိုးရဟုကြွေးကြော်ထားသည့် စစ် ကောင်စီသည် ပြည်သူလူထုကို ကာကွယ်ရန်တာဝန်ပျက်ကွက်ခဲ့သည့်အပြင် လေကြောင်းနှင့် လက်နက်ကြီးများ ဖြင့် ကျေးရွာများအတွင်းသို့ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် စစ်တပ်သည် ပြည်သူများအတွက် အန္တရာယ် အရှိဆုံးသော အသိုင်းအဝိုင်းတစ်ခုဖြစ်လာသည်။
ထို့အပြင် စစ်တပ်ကို ပြည်သူများကပြန်လည်ဆန့်ကျင်လျက်ရှိနေပြီး တပ်တွင်းအင်အားလည်း လျော့နည်းလာ သောကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်ဟု ပဒိုစောကွယ်ထူးဝင်း က ပြောသည်။
“ စစ်တပ်အသိုင်းအဝိုင်းကို ထိန်းချုပ်ဖို့ မလွယ်ကူတော့ဘဲ သူတို့ရဲ့ စစ်တပ်အင်အား မလုံလောက်တာကြောင့် စစ်အင်အားလည်း လျော့နည်းလာတယ်။ သူ့ကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း ပြန်လည်တွန်းလှန်ဖို့ အင်အားမရှိတဲ့အခက်အခဲတွေကြောင့် ဒီပြည်သူ့စစ်မှုထမ်းဥပဒေတစ်ရပ်ကို ထုတ်ပြန်လိုက် ခြင်းက စစ်ကောင်စီရဲ့ ကိုယ်ကျိုးရလဒ်တစ်ခုသာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။
အာဏာခိုင်မြဲရန်နှင့် ၎င်းတို့၏ကိုယ်ကျိုးကာကွယ်ရန်ဆောင်ရွက်နေသည့် စစ်ကောင်စီစစ်တပ်ကို အမြစ်ဖြတ် ဆန့်ကျင်တော်လှန်နိုင်ရန် တော်လှန်ရေးအင်အားစုများအားလုံး အတူတကွ ဆန့်ကျင်တော်လှန်ရမည်ဟုလည်း ကေအဲန်ယူဥက္ကဋ္ဌ က ပြောဆိုထားသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3456
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7820