ယမင်းဖူးပွင့်အောင်
ဧပြီ ၂၇၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်သောကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားပြီး ဒေသခံတစ်ထောင်ကျော် စစ်ဘေးရှောင်နေရသည်ဟုဒေသခံများထံက သိရသည်။
ဝက်လက်မြို့နယ် ထုံးဘိုကုန်းရွာတွင် ယမန်နေ့ည ၈နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်သောကြောင့် အသက် ၄၀ ဝန်းကျင်အမျိုးသား ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နွားတစ်ကောင် သေဆုံးသွားသည်ဟု ရွှေဘိုကင်းထောက်မြေပြင်သတင်းမှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“လက်မှာ လက်နက်ကြီးပေါက်ကွဲတဲ့အစ ထိမှန်တာ။ သိပ်တော့ မစိုးရိမ်ရဘူး”ဟုပြောသည်။
ရွှေဘိုနယ်စပ် တောင်လှတောင်ပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပစ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးခန့်နှင့် ပျူစောထီး ၃၀ ခန့်တပ်စွဲထားသည်ဟု ဒေသခံများထံမှသိရသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းမှ မကြာခဏ လက်နက်ကြီးဖြင့် ပစ်လေ့ရှိသောကြောင့် ကုလားမကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ထုံးဘိုကုန်းကျေးရွာအပါအဝင် ရွာပေါင်း ၇ ရွာမှ ဒေသခံပြည်သူတစ်ထောင်ကျော်ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“တောထဲက စစ်ရှောင်နေအိမ်တွေလည်း လှမ်းလှမ်းထုတယ်ဗျ။ ညတိုင်းနီးပါးလက်နက်ကြီးနဲ့ပစ်တော့ ရွာထဲမှာ မနေရဲကြတာ”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်သောကြောင့် ရွှေဘိုမြို့နယ် ပုလဲသွယ်ရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ပုံစာ–စစ်ဘေးရှောင်နေရသည့် ဝက်လက်ဒေသခံများ မြင်ကွင်း/ပုံဟောင်း။
Photo-Cj
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/856
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3890
Website ->https://eng.thanlwinkhet.net