Saw Smith
ဧပြီ ၂၇ ၊ ၂၀၂၃ ။
ချင်းပြည်နယ်မြောက်ပိုင်း ၊ ဟားခါးမြို့နယ်နှင့်ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီစခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးCNA/CNF ပြောခွင့်ရဆလိုင်းထက်နီက သံလွင်ခက်ကိုပြောသည်။
ဟားခါးနှင့် ထန်တလန်ကြား သီမစ်လွင်ပြင်ရှိ စစ်ကောင်စီစခန်းများကို ယမန်နေ့ ဧပြီလ ၂၆ရက်တွင် CNA နှင့်CDF တိုပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
” ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စခန်းငယ်တစ်ခုကိုဝင်သိမ်းတာပါ။ စကစ ကင်းစခန်းပါ။ လက်နက်တချို့သိမ်းဆည်းခဲ့တယ် “ဟု ဆလိုင်းထက်နီကပြောသည်။
စခန်းသိမ်းပြီးပြီးချင်း၌ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ်ဖြင့်၂ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုစခန်းသိမ်းတိုက်ပွဲ၌ CNA ရဲဘော်တစ်ဦးကျဆုံး၍ ရဲဘော် ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဟားခါး–ထန်တလန်အကြား သီမစ်လွင်ပြင်ရှိ စစ်ကောင်စီတပ် အခြေချထားသော တောင်ကုန်း ၃ခုကို CNA နှင့်CDF ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ရာ တောင်ကုန်း ၂ခုကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး CNA ရဲဘော် ဆလိုင်းဂျွန်စမစ် ကျဆုံးသွားသည်ဟု ဒေသခံသတင်း The Chin Journalက ဖော်ပြထားသည်။
ယမန်နေ့ညနေပိုင်းတွင်လည်း ဟားခါး–ဖလမ်းလမ်းကြားရှိ ချွန်းကျုံးကျေးရွာတွင် စစ်ကောင်စီတပ် နှင့် ချင်းပူးပေါင်းတပ်တို့အကြားတိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါ ချွန်းကျုံးကျေးရွာတွင် ဧပြီလ ဒုတိယအပတ်တွင်း၌ စစ်ကောင်စီထောက်ပို့ယာဥ်တန်းမှ တင့်ကားနှစ်စီးနှင့်ထောက်ပို့ယာဥ်၇ စီးကို ချင်းပူးပေါင်းတပ်များက ဖျက်ဆီးနိုင်ခဲ့သည်။
ထို့နောက် ထိုထောက်ပို့ယာဥ်တန်းမှ ကျန်ရှိနေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ချင်းပူးပေါင်းတပ်များမှာ ချွန်းကျုံးကျေးရွာ၌ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
ပုံစာ – သီမစ်တိုက်ပွဲတွင် ကျဆုံးသွားသော CNA ရဲဘော် ဆလိုင်းဂျွန်စမစ်။
ဓာတ်ပုံ-The Chin Journal
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/852
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3883
Website ->https://eng.thanlwinkhet.net