![]()
သံလွင်ခက်/မတ် ၂၅။ ပုံ – မတ်လ ၄ ရက်က ဆန်တာဖေးမြို့တွင် Meta CEO မတ်ဇူကာဘတ်၏ ထွက်ဆိုချက်မှတ်တမ်းကို ဂျူရီများအား ဖွင့်ပြနေစဉ်။ (ဓာတ်ပုံ – Jim Weber/AP)
Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီဖြစ်သော Meta သည် ၎င်း၏ လူမှုကွန်ရက်ပလက်ဖောင်းများပေါ်ရှိ အန္တရာယ်များအကြောင်း သုံးစွဲသူများအား သတိပေးရန် ပျက်ကွက်ခြင်း၊ ကလေးငယ်များအား ကာမကျူးလွန်သူများ၏ ဘေးမှ ကာကွယ်ရန် ပျက်ကွက်ခြင်းတို့ဖြင့် နယူးမက္ကဆီကို ပြည်နယ် ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း အင်္ဂါနေ့တွင် ဂျူရီလူကြီးများက ဆုံးဖြတ်ခဲ့သည်။
🟩 ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် တရားခွင်အခြေအနေ
ဂျူရီအဖွဲ့သည် Meta အနေဖြင့် “ဘက်လိုက်ပြီး လှည့်ဖြားသော” စီးပွားရေးလုပ်ဆောင်မှုများအပြင် “အကျိုးအမြတ်အတွက် လူသားချင်းစာနာမှုကင်းမဲ့သော” (Unconscionable) လုပ်ရပ်များကို တမင်သက်သက် လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ စွဲချက်အားလုံးတွင် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့သည်။
နယူးမက္ကဆီကို ပြည်နယ်ရှေ့နေချုပ် Raúl Torrez သည် Facebook နှင့် Instagram တို့သည် ကလေးသူငယ်များအား အမြတ်ထုတ်လိုသူများအတွက် “သားဖောက်ရာနေရာ” (Breeding ground) ကဲ့သို့ ဖြစ်နေသည်ဟု ဆိုကာ ၂၀၂၃ ခုနှစ်တွင် Meta ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ခြောက်ပတ်ကြာ စစ်ဆေးခဲ့သည့် အဆိုပါအမှုတွင် Meta ၏ အမှုဆောင်အရာရှိဟောင်းများနှင့် သတင်းပေးပို့သူ (Whistleblowers) များ၏ သက်သေထွက်ဆိုချက်များ ပါဝင်ခဲ့သည်။
🟩 “အကျိုးအမြတ်ထက် ဘေးကင်းရေးကို ဦးစားမပေးခဲ့”
Meta ၏ အင်ဂျင်နီယာဒါရိုက်တာဟောင်းဖြစ်သူ Arturo Bejar က ၎င်း၏ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကိုယ်တိုင် Instagram ပေါ်တွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ကြုံတွေ့ခဲ့ရကြောင်း တရားခွင်တွင် သက်သေထွက်ဆိုခဲ့သည်။
၎င်းက Meta ၏ အယ်လ်ဂိုရီသမ် (Algorithm) စနစ်များသည် ကြော်ငြာများအတွက် အလွန်ထိရောက်သော်လည်း တစ်ဖက်တွင် ကာမကျူးလွန်သူများအတွက်ပါ အခွင့်အလမ်းကောင်းများ ဖြစ်နေကြောင်း ထောက်ပြခဲ့သည်။
၎င်းက “ဒီထုတ်ကုန်က လူတွေကို သူတို့စိတ်ဝင်စားတဲ့အရာတွေနဲ့ ချိတ်ဆက်ပေးတဲ့နေရာမှာ အရမ်းတော်ပါတယ်။ တကယ်လို့ ခင်ဗျားရဲ့စိတ်ဝင်စားမှုက ကလေးမလေးတွေဆိုရင်လည်း၊ အဲဒီကလေးမလေးတွေနဲ့ ချိတ်ဆက်ပေးဖို့ ဒီစနစ်က အရမ်းကို ထိရောက်နေမှာပါပဲ” ဟု ထွက်ဆိုခဲ့သည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် ကုမ္ပဏီမှ နုတ်ထွက်ခဲ့သူ Meta ၏ မိတ်ဖက်လုပ်ငန်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌဟောင်း Brian Boland ကလည်း စီအီးအို မတ်ခ်ဇူကာဘတ်နှင့် လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်ဟောင်း Sheryl Sandberg တို့အနေဖြင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးအဆင့်တွင် ထားရှိခဲ့သည်ဟု ၎င်းအနေဖြင့် “အကြွင်းမဲ့မယုံကြည်ကြောင်း” ပြောကြားခဲ့သည်။
🟩လျှို့ဝှက်စုံစမ်းစစ်ဆေးမှုနှင့် ဖမ်းဆီးရမိမှုများ
ပြည်နယ်ရှေ့နေချုပ်ရုံးသည် ကလေးငယ်များအယောင်ဆောင်ထားသည့် အကောင့်တုများဖန်တီး၍ စုံစမ်းစစ်ဆေးခဲ့ရာ လိင်ပိုင်းဆိုင်ရာ နှိုးဆွသည့် အကြောင်းအရာများနှင့် ညစ်ညမ်းပုံရိပ်များ ပေးပို့ရန် တောင်းဆိုမှုများကို ကြုံတွေ့ခဲ့ရသည်။
အဆိုပါ အကောင့်တုများကို ဆက်သွယ်၍ လိင်ပိုင်းဆိုင်ရာ ဖျားယောင်းခဲ့သည့် အမျိုးသားသုံးဦးကို ၂၀၂၄ ခုနှစ်၊ မေလတွင် ဖမ်းဆီးနိုင်ခဲ့သည်။
၎င်းတို့အနက် အမျိုးသားနှစ်ဦးမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် တွေ့ဆုံမည်ဟု ယုံကြည်ကာ မိုတယ်တစ်ခုသို့ ရောက်ရှိလာချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
🟩 Meta ၏ ချေပချက်နှင့် အယူခံအစီစဥ်
Meta ဘက်မှ ရှေ့နေ Kevin Huff က ကုမ္ပဏီအနေဖြင့် သုံးစွဲသူများ ဘေးကင်းစေရန် ဝန်ထမ်းပေါင်း ၄၀,၀၀၀ ခန့်ဖြင့် တာဝန်ယူဆောင်ရွက်နေပြီး လူငယ်များကို ကာကွယ်ရန် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားကြောင်း ချေပခဲ့သည်။
ထို့အပြင် Instagram အကြီးအကဲ Adam Mosseri ကလည်း ၎င်းတို့အနေဖြင့် ကုမ္ပဏီ၏ တိုးတက်မှုကို ထိခိုက်စေနိုင်သည့်တိုင် ‘ဆယ်ကျော်သက်အကောင့်များ’ (Teen Accounts) ကဲ့သို့သော ဘေးကင်းရေးအင်္ဂါရပ်များကို ထည့်သွင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
Meta ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်ကို လေးစားစွာဖြင့် သဘောမတူကြောင်းနှင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပြည်နယ်ရှေ့နေချုပ်ရုံး၏ စုံစမ်းစစ်ဆေးမှုသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ယွင်းနေပြီး ဟက်ခ်လုပ်ထားသော အကောင့်များကို အသုံးပြုခဲ့သည်ဟုလည်း တန်ပြန်စွပ်စွဲခဲ့သည်။
🟩 ရှေ့နေချုပ်၏ တုံ့ပြန်ချက်၊ အမှု၏အရေးပါမှု
ရှေ့နေချုပ် Torrez က ယခုဆုံးဖြတ်ချက်သည် “ကလေးငယ်များ၏ ဘေးကင်းရေးထက် အကျိုးအမြတ်ကို ရှေ့တန်းတင်ခဲ့သည့် Meta ၏ ရွေးချယ်မှုကြောင့် ပေးဆပ်ခဲ့ရသော မိသားစုများနှင့် ကလေးတိုင်းအတွက် သမိုင်းဝင်အောင်ပွဲဖြစ်သည်” ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် Meta နှင့် အခြားသော လူမှုကွန်ရက်များသည် လူငယ်သုံးစွဲသူများ၏ ဘေးကင်းရေးနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အကြီးအကျယ် ဖိအားပေးခံနေရသည်။
နယူးမက္ကဆီကိုတွင် စီရင်ချက်ထွက်ပေါ်လာချိန်၌ပင် လော့စ်အိန်ဂျလိစ် တရားရုံးတစ်ခုတွင်လည်း Meta နှင့် YouTube တို့သည် လူငယ်များ၏ စိတ်ကျန်းမာရေးကို ထိခိုက်စေသော “စွဲလမ်းစေသည့် အင်္ဂါရပ်များ” ကို တမင်ဖန်တီးထားသည်ဟူသော အမှုတစ်ခုကို စစ်ဆေးနေသည်။
နောက်ဆက်တွဲအနေဖြင့် Meta သည် Instagram ပေးစာများတွင် အသုံးပြုသည့် စာဝှက်စနစ် (End-to-end encryption) ကိုလည်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို အဟန့်အတားဖြစ်စေသည်ဟူသော ဝေဖန်မှုများကြောင့် ယခုနှစ်နှောင်းပိုင်းတွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။
Ref: CNN
#Meta #ဖေ့ဘွတ်စ် #ကလေးသူငယ် #ဘေးကင်းလုံခြုံရေးပျက်ကွက်မှု #ဒေါ်လာ၃၇၅သန်းဒဏ်ရိုက် #ThanLwinKhetNews
