![]()
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကော်မရှင်၏ ကေတုမတီလေတပ်စခန်းကို Brave Warriors for Myanmar (BWM) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ (မတ်လ ၁၃ ရက်) တွင် ထုတ်ပြန်သည်။
အဆိုပါစစ်ဆင်ရေးကို ယမန်နေ့ (မတ်လ ၁၂ ရက်) ည ၁၁ နာရီ ၈ မိနစ်အချိန်တွင် BWM ၏ ၅၁ ခုမြောက် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးတွင် BWM နှင့်အတူ MKCDF၊ ACPLF နှင့် KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅) တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။
တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး ၁၈ လုံး ပစ်ခတ်ခဲ့ရာ ၁၃ လုံးမှာ လေတပ်စခန်းအတွင်းရှိ ပစ်မှတ်များပေါ်သို့ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အီရန်အာဏာပိုင်များ၏ အကူအညီဖြင့် လေယာဉ်ဆီရရှိရေး ကြိုးပမ်းနေခြင်းကြောင့် ယခုကဲ့သို့ လေတပ်စခန်းနှင့် ဆီကန်များကို ပစ်မှတ်ထား တိုက်ခိုက်ရခြင်းဖြစ်ကြောင်း BWM ထည့်သွင်းဖော်ပြသည်။
ဤတိုက်ခိုက်မှု၏ အဓိကရည်ရွယ်ချက်မှာ စစ်ကော်မရှင်၏ လေကြောင်းအသာစီးရမှုကို ဟန့်တားနိုင်ရန် ဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို အပြင်သို့ သတင်းမပေါက်ကြားစေရန် စစ်ကော်မရှင်၏ တိုင်းမှူးအသစ် သူရဇော်လွင်စိုး ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး တင်းကျပ်စွာ သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကော်မရှင်၏ လေကြောင်းအန္တရာယ်ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် လေတပ်နှင့် ဆက်စပ်နေသော “လေတပ်ပြိုလဲရေး မစ်ရှင်” များကို အရှိန်အဟုန်မြှင့် ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း BWM က တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်ကလည်း BWM နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ ကေတုမတီလေတပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ပုံစာ-50th BWM Mission (ပုံဟောင်း)
Photo-BWM
