![]()
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်အနီးရှိ ဟိုတယ်တစ်ခုတွင် မြန်မာစစ်တပ်ထံ ပေးပို့ရန်ဟု ယူဆရသည့် ဒရုန်း ၁၀ စင်းနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Bangkok Post က ဖော်ပြထားသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က လေဆိပ်အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း သတင်းပေးချက်အရ လတ်ကယဘန် (Lat Krabang) ရဲတပ်ဖွဲ့က လေဆိပ်နှင့် ၃ ကီလိုမီတာခန့်အကွာရှိ Grand BS Airport Hotel ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီးနင်းမှုအတွင်း တရုတ်နိုင်ငံထုတ် DJI အမျိုးအစား ဒရုန်း ၁၀ စင်းကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာနိုင်ငံသားများဖြစ်ကြသည့် ဇေထက်အောင်၊ စနေလင်းထက်၊ ကျော်ဇင်ဟိန်း နှင့် သိန်းဇော် တို့ကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့အား မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းနိုင်ငံတွင် ဒရုန်းများ လာရောက်ယူဆောင်ရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဒရုန်းများကို မြန်မာနိုင်ငံရှိ Kevin Zo အမည်ရှိသူထံ ပို့ဆောင်ရမည်ဖြစ်ပြီး၊ ၎င်းမှတစ်ဆင့် မြန်မာစစ်တပ်ထံ ပြန်လည်ရောင်းချသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
ယခုစီးနင်းမှုသည် အရေးကြီးနယ်မြေများအတွင်း ဒရုန်းကျူးကျော်မှုများကို တားဆီးရန် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) က အစီအမံများ ချမှတ်ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများ၏ ဗီဇာများကို ပယ်ဖျက်လိုက်ပြီး ထိုင်းလဝကက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit: Bangkok Post
#ထိုင်းလေဆိပ် #မြန်မာနိုင်ငံသားလေးဦး #ဒရုန်း #ဖမ်းမိ #ThanLwinKhetNews
